ခရစ်ယာန် ဘာသာဝင်တဦးဖြစ်တဲ့ အဆိုတော် ချမ်းချမ်းဟာ သူ့ကို ဘာသာရေး နဲ့ပတ်သက်ပြီး အထင်အမြင် လွဲနေသူများအား ယနေ့၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ သူ့ရဲ့ Facebook Page ကနေတဆင့် ပြန်လည် ရှင်းပြခဲ့ပါတယ်။
“ကျမကို ဘာသာရေးနဲ့ ပတ်သက်ပြီး အထင်အမြင် လွဲနေသူများအတွက်ပါ။ အထူးသဖြင့် ဒီနေ့ခရစ်ယာန် ဘာသာဝင်လို့ သိထားရတဲ့ အကောင့်ပိုင်ရှင် အချို့ရဲ့ ဘာသာရေးအပေါ် သစ္စာပဲ ရှိလွန်းတာလား။ ဒါမှမဟုတ် ကျမ်းစာသာ ဖတ်ပြီး လက်တွေ့ မကျင့်သူများလို့ ယူဆရမလိုပါပဲ”
“ကျမ်းစာပွဲလေးအတွက် သက်သေခံပေးတဲ့ အစီအစဉ်မှာ comment ပေးလာကြတဲ့ တချို့သော အစွန်းထွက် ခရစ်ယာန် ဘာသာဝင်တွေဟာ ရှာကြံပြီး ပြောဆိုနေကြတာကို စိတ်မကောင်းလို့ပါ။ ဒါမှမဟုတ် ကျမကပဲ သွေဖီနေသူများလား”လို့ ချမ်းချမ်းက ပြောပါတယ်။
သူ သိထားတဲ့ ဘုရားသခင်မှာ လူမျိုးမရွေး ဘာသာမရွေးအပေါ် စေတနာ မေတ္တာ ထားခိုင်းထားတဲ့ဘုရားဖြစ်ပြီး ကောင်းတာလုပ်ရင် ကောင်းတာရမယ်လို့ ခံယူထားတယ်လို့ ဆိုပါတယ်။
“ပြဿနာကတော့ လွန်ခဲ့တဲ့နှစ်များစွာက Fashion Music Festival အတွက် ဆိုပေးခဲ့တဲ့ ရခိုင်ဘုရားသီချင်းက စတာပါ။ ခရစ်ယာန် ဘာသာဝင်ဖြစ်ပြီး သူများဘာသာအတွက် သီချင်းဆိုပေးတယ်တို့ သူက ဘုရားကို နှစ်နှစ်ကာကာ ယုံကြည်သူ မဟုတ်ဘူးဆိုပြီး ပြောနေခဲ့ကြတာ ကြာပါပြီ”
“ကျမရဲ့ မိဘနှစ်ဦးစလုံးဟာ ဘာသာ မတူကြပါဘူး။ အမေက ဗုဒ္ဓဘာသာ၊ အဖေက ခရစ်ယာန်ပါ။ အဖေဟာ ကျမတို့ ငယ်ငယ်ကတည်းက သင်္ဘောသားမို့ အိမ်နဲ့ ကပ်ရချိန် သားသမီးတွေကို ဘုရားကျောင်းပို့ဖို့ ဝေလာဝေးရော။ ကျမ မွေးပြီး အရမ်းကြာမှ ရန်ကုန်တခေါက် ပြန်လာရတဲ့သူမျိုးပါ” လို့ ချမ်းချမ်းက ပြောပါတယ်။
ဆက်လက်ပြီး ချမ်းချမ်းက “ဒါကြောင့် သားသမီးတွေကို Sunday School တို့၊ ဘုရားကျောင်းတို့ဆိုတာဟာ အမေပို့မှ တက်ရတာမျိုးပါ။ အဖေဟာ အမေ့ကို ယုံတယ်။ သူ သင်္ဘောလိုက်နေရချိန်မှာ သမီး ၄ ယောက်လုံးကို ဘုရားကျောင်းပို့ပေးဖို့ အမေ့ကို မှာဖူးတယ်။ အမေဟာ တရက် မပျက်ကွက်ခဲ့ဘူး။ ဘုန်းကြီးတွေကအစ အမေ့ကို အရမ်းအံ့သြပြီး ချစ်ကြတယ်။ လင်ယောင်္ကျားအပေါ် သစ္စာရှိပြီး ဘာသာတရားကို လေးစားသူ အဖြစ်နဲ့ လူသိခဲ့တယ်”လို့ ပြောပါတယ်။
မိခင်ဖြစ်သူဟာ ဗုဒ္ဓဘာသာဖြစ်တာကြောင့် ဘုန်းကြီး ဆွမ်းလောင်းတဲ့ အခါမျိုးတွေမှာ ကူညီပေးခဲ့ပြီး ဖခင်က မအားလပ်တာကြောင့် မိခင်ကပဲ ချမ်းချမ်းတို့ ညီအစ်မများကို ဘုရားကျောင်း ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော် ဖြစ်လာတဲ့အချိန်မှာ တခြားဘာသာအတွက် သီချင်းဆိုပေးခြင်းကို အပြစ်တင် ဝေဖန်ခံခဲ့ရပြီး နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်ခြင်း မရှိဘူးလို့ ပြောနေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“အဆိုတော် ဖြစ်လာလို့ သက်ဆိုင်ရာ ကျရာ နေရာကနေ ဆိုပေးဖို့ ကြုံလာရင်လည်း ကျမ ဆိုပေးခဲ့တာတွေ အများကြီးပါပဲ။ ဘာလို့များ ကျမ ယုံကြည်ထားတဲ့ ခရစ်ယာန် ဘာသာဝင်ဆိုတာ သူတပါး ဘုရားသီချင်းဆိုပေးရုံ ငရဲကြီးတယ်လို့ ယူဆတဲ့ လူတွေရဲ့ဘာသာတရား မဟုတ်ပါဘူး။ ကျမ အမေရဲ့ ဘာသာတရားအပေါ် လေးစားမှုကြောင့် ကျမတို့ ညီအစ်မတွေ ခရစ်ယာန် ဖြစ်ခဲ့ကြတာကို မမေ့နိုင်ပါဘူး။ ကျမလို ဘဝအတွေ့အကြုံ မရှိခဲ့ကြလို့ ကိုယ်ချင်းမစာနိုင်ကြဘူးလို့ပဲ မြင်ပါတယ်”လို့ ချမ်းချမ်းက ပြောပါတယ်။
အိမ်ထောင်ပြုတဲ့အချိန်မှာလည်း ဘာသာ မတူသူနဲ့ လက်ထပ်ခဲ့တာကြောင့် အိမ်ထောင်ကွဲခဲ့တာ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်များလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ကိုဗစ်ကာလမှာတော့ ဘာသာလူမျိုး မရွေးကို ကူးစက်ခံနေရပြီး ကူညီပေးကြတဲ့သူတွေကလည်း ဘာသာ မရွေးဘဲ ကူညီလှူဒါန်းနေတာဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း ရှေ့ဆက်၍ ကူညီသွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“တကယ်လိုအပ်တဲ့ နေရာတွေ လှူဒါန်းတဲ့အခါမှာလည်း ဘယ်လိုဘာသာ ဘယ်လိုလူမျိုးတွေ အတွက်ပဲဖြစ်ဖြစ် ကျမကတော့ ကူညီစရာရှိရင် ကူညီပေးနေဦးမှာပါပဲ။ ကျမသိတဲ့ ဘုရားက အဲ့လိုဘုရားပါ။ တကိုယ်ကောင်း မဆန်ပါဘူး။ တယူလည်း မသန်ပါဘူး။ တကယ်လို့ ကျမကို ခရစ်ယာန် မစစ်ဘူးလို့ ပြောချင်ကြရင်လည်း သဘောထားကြီးစွာ ခွင့်လွတ်ပါတယ်။ ဘုရားက ပြောတယ်။ ရန်သူကို ချစ်လော့တဲ့။ အားလုံးဟာ ကျမရဲ့ ညီအစ်ကို မောင်နှမတွေပါ” လို့ ချမ်းချမ်းက ပြောပါတယ်။
ချမ်းချမ်းကတော့ လက်ရှိမှာ သမီးဖြစ်သူနဲ့အတူ အေးချမ်းစွာ နေထိုင်လျက် ရှိပါတယ်။
You may also like these stories:
အဆင်မပြေတဲ့ ဘဝတူ မိန်းမလျာတွေအတွက် လှူဒါန်းပေးနေတဲ့ မိတ်ကပ် ဆူး
ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင် COVID-19 ရောဂါကြောင့် ကွယ်လွန်
ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ဝင်တေးများစွာ သီဆိုခဲ့သူ SPB ကိုဗစ်ကြောင့် ကွယ်လွန်