ဒါရိုက်တာ James Cameron က “Avatar 2” ကို ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပြီး “Avatar 3” ရုပ်ရှင်ဟာလည်း မကြာမီ ရိုက်ကူးပြီးစီးတော့မှာ ဖြစ်တဲ့အကြောင်း အတည်ပြုလိုက်ပါတယ်။
ဒါရိုက်တာ Cameron က ၂၀၂၀ သြစတြီးယား ကမ္ဘာ့ပတ်ဝန်းကျင်ရေးရာ ထိပ်သီးအစည်းအဝေး မတိုင်မီ ဗီဒီယိုဖုန်းခေါ်ဆိုမှု တခုအတွင်း မင်းသားကြီး အာနိုးနဲ့ စကားပြောဆိုခဲ့တာဖြစ်ပြီး ပရိသတ်တွေ ကာလကြာရှည် စောင့်စားနေကြတဲ့ “Avatar” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးရေးဟာ ရာနှုန်းပြည့်ပြီးစီးသွားပြီလို့ ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“Avatar” နောက်ဆက်တွဲရုပ်ရှင်တွေကို အခုနှစ်အစောပိုင်းကစလို့ နယူးဇီလန်နိုင်ငံမှာ ရိုက်ကူးနေခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါကြောင့် ရိုက်ကူးရေးတွေကိုလည်း ရပ်နားခဲ့ရပါတယ်။ COVID-19 ရဲ့ဒဏ်ကို အလျော့ပါးဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတွေထဲက တခုဖြစ်တဲ့ နယူးဇီလန်နိုင်ငံမှာ အခုတော့ ကိုဗစ်ကင်းစင်ကြောင်း ကြေညာလိုက်ပြီ ဖြစ်လို့ ရိုက်ကူးရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ဇွန်လမှာပဲ ပြန်စခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဒါရိုက်တာ Cameron က “COVID-19 က လူတိုင်းကို ထိခိုက်စေခဲ့ပါတယ်။ ကျနော်တို့ကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။ ကျနော်တို့ရဲ့ ထုတ်လုပ်ရေး အချိန် ၄ လခွဲလောက် ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီအတွက် ကျနော်တို့ဟာ လာမယ့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှ ပြသဖို့ တနှစ်လောက် နောက်ဆုတ်ခဲ့ရပါတယ်။ အဲ့ဒါကိုတော့ အရင်ကတည်းက ကြေညာခဲ့ပြီး ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
သူကဆက်ပြီး “အခုတော့ “Avatar 2” ရုပ်ရှင်ပြီးတာနဲ့ “Avatar 3” ရုပ်ရှင်ရိုက်ကူးရေးကို လက်စသတ်မှာ ဖြစ်လို့ ရုပ်ရှင်ကို ပြီးအောင်ရိုက်ဖို့ နောက်ထပ်တနှစ် အပိုထပ်စောင့်စရာ မလိုတော့ပါဘူး။ ကျနောတို့အခု နယူးဇီလန်နိုင်ငံမှာ ရိုက်ကူးရေး လုပ်နေပါတယ်။ ကျနော်တို့က ကျန်ရှိတာတွေကို ဆက်ရိုက်နေပါတယ်။ နောက်ထပ် ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်။ ကျနော်တို့ဟာ Avatar 2 ကိုတော့ ရာနှုန်းပြည့် ပြီးစီးပါပြီ။ Avatar 3 ကိုတော့ ၉၅ ရာခိုင်နှုန်းလောက် ပြီးစီးပါပြီ” လို့ ဆိုပါတယ်။
မူလတုန်းက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ပြသဖို့ စီစဉ်ထားခဲ့တဲ့ “Avatar 2” ရုပ်ရှင်ဟာ အခုတော့ တနှစ်လောက် နောက်ဆုတ်သွားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလလောက်မှသာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
ဘာသာရေးနဲ့ ပတ်သက်ပြီး အထင်လွဲနေသူများကို ရှင်းပြခဲ့တဲ့ အဆိုတော် ချမ်းချမ်း
အဆင်မပြေတဲ့ ဘဝတူ မိန်းမလျာတွေအတွက် လှူဒါန်းပေးနေတဲ့ မိတ်ကပ် ဆူး
ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင် COVID-19 ရောဂါကြောင့် ကွယ်လွန်