အခုလို ကိုဗစ်ကာလ ခက်ခဲနေတဲ့အချိန်မှာ “ဆေးရောင်ခြယ် တွဲလက်တဖက်” ဆိုတဲ့ LGBT (လိင်စိတ်ခံယူမှု ကွဲပြားသူများ) အသိုင်းအဝိုင်းက ဖွဲ့စည်းထားတဲ့ အဖွဲ့မှ ခက်ခဲနေတဲ့ LGBT များကို ကူညီထောက်ပံ့နိုင်ရန် Facebook မှာ Live လွှင့်ကာ ကပြအလှူခံနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အခုလို Stay at Home နေနေရတဲ့အချိန် ကိုယ့်ရဲ့လူမှုကွန်ရက် စာမျက်နှာ Facebook အကောင့်ကနေပြီးတော့ ကိုယ်ကြိုက်တဲ့သီချင်း ၁ ပုဒ် ၂ ပုဒ်လောက်နဲ့ Live လွှင့်ပြီးတော့ ကပြပြီးတော့ အလှူခံတဲ့အလုပ်လေးကို လုပ်နေပါတယ်။ အလှူခံတယ်ဆိုတာကလည်း ဆုချတဲ့ သဘောမျိုးလေးနဲ့ပါ။ အတင်းအကျပ်တော့လည်း မဟုတ်ပါဘူး။ အဆင်ပြေလို့ရှိရင် ဆုချတယ်။ အလှူငွေ သဘောမျိုးလေးနဲ့ပဲ လုပ်နေပါတယ်” လို့ ဦးဆောင်ပြုလုပ်သူတဦးဖြစ်တဲ့ နဝရတ်အောင်အောင်က ပြောပါတယ်။
အဆိုပါ အွန်လိုင်း Live ဖျော်ဖြေပွဲနဲ့ လှူဒါန်းမှု အစီအစဉ်ကို စတင်ပြုလုပ်ဖြစ်တဲ့ အကြောင်းလည်း အခုလို ပြောပြပါတယ်။
“ဒီလို Live လွှင့်ပြီးတော့ Facebook ကပြမယ်။ အလှူခံကြမယ် ဆိုတာမျိုးကို သူငယ်ချင်း ၂ ယောက်ကစပြီး တိုင်ပင်ပြီးတော့မှ အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ လူကြီးတွေလည်း အကြောင်းအရာလေးကို ပြောပြ၊ အကြံဉာဏ်တွေ ရယူပြီးတော့မှ ဦးဆောင်ပြီး လုပ်ဖြစ်သွားတာပါ” လို့ နဝရတ်အောင်အောင်က ပြောပါတယ်။
အဆိုပါ Live လွှင့်ကပြတဲ့ အစီအစဉ်ကိုတော့ ညစဉ် ၈ နာရီတိုင်းမှာ ပြုလုပ်နေတာဖြစ်ပြီး ကပြဖျော်ဖြေတာကို ဆုချတဲ့ သဘောမျိုးနဲ့ လှူဒါန်းကြဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
“ဒီလို ဖျော်ဖြေတင်ဆက်တဲ့ အခါမျိုးမှာ ညတိုင်း ၈ နာရီနဲ့ ၉ နာရီကြားမှာ စလွှင့်မယ်လို့ သတ်မှတ်ထားပါတယ်။ ဘယ်နှရက်နေ့ထိလဲဆိုတာ အတိအကျပြောလို့ မရသေးပါဘူး။ ဒီအချိန် ဒီကာလကြီးက ဘယ်လောက်ထိ ဆက်သွားဦးမလဲ။ ဘယ်လောက်ထိ ရှည်ကြာဦးမလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်သေးဘူး။ အားလုံးကတော့ လိုအပ်နေတာပါ။ ကိုယ့်လောကသားတွေက လိုအပ်နေတာ အများကြီးရှိတယ်ဆိုတော့ ဆက်သွားရမှာပါ” လို့ နဝရတ်အောင်အောင်က ပြောပါတယ်။
ဒီဖျော်ဖြေမှုမှာ ပါဝင်တဲ့ Makeup Artist ဆူးကလည်း ပါဝင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“ရန်ကုန်က တွဲလက်တဖက်ဆိုတဲ့ ပရဟိတအဖွဲ့ကနေမှ သူတို့လည်းရန်ကုန်က LGBT တွေအတွက် ပရဟိတလုပ်တယ်။ အလှူခံတယ်။ ကပြပါဦးတဲ့ Live လွှင့်ပြီးကပြရမှာ။ Tiktok သာ ဘယ်လိုနေနေရတာ။ Live ကြီးထဲမှာကျတော့လည်း ရပါတယ်ပေါ့။ လက်ခံပေးလိုက်တာပေါ့။ ဝမ်းသာပါတယ်။ LGBT မှ မဟုတ်ပါဘူး။ ဘယ်သူမဆိုပါ ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အခက်အခဲဖြစ်လာရင် ကိုယ်တတ်နိုင်ဘက်ကကူညီလို့ရရင် ကူညီမှာပါ”
“အဓိက မိန်းပွိုင့်ကတော့ ဘဝတူ မိန်းမလျာလေးတွေပါ။ သူတို့မှာက လုပ်ငန်းအခွင့်အလမ်း နည်းပါးတယ်။ ဒီအချိန်မှာကျတော့ မိတ်ကပ်လည်း မလိမ်းရဘူး။ မိတ်ကပ်ရာသီ ရောက်တော့မှာ ဆိုပေမယ့် ဘယ်ပွဲလမ်းသဘင်မှ မရှိတော့တဲ့အတွက် အကုန်လုံးက ခက်ခဲကြတယ်ဆိုတော့ တတ်နိုင်သလောက် ကူပေးရတာ ဝမ်းသာပါတယ်” လို့ မိတ်ကပ် ဆူးက ပြောပါတယ်။
Makeup Artist ကြူကလည်း “အခုလို ဘဝတူတွေကို ကူညီရတာ အတိုင်းမသိ ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြူတို့ဟာ ငွေအားနဲ့ သူတို့ကို မကူညီနိုင်သော်ငြားလည်း ကြူတို့ တတ်နိုင်တဲ့ ခွန်အားလေးတွေနဲ့ အတတ်ပညာလေးတွေနဲ့ ကူညီရတဲ့အတွက်ကြောင့် အတိုင်းမသိ ဝမ်းသာပါတယ်။ ဒီထက်လည်း ကြူတို့ ဒီ LGBT အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပဲခိုင်းခိုင်း ကူညီဖို့အတွက်ကို အမြဲအသင့်ရှိနေဦးမှာပါ” လို့ ပြောပါတယ်။
အဆိုပါ “ဆေးရောင်ခြယ် တွဲလက်တဖက်” ကိုတော့ LGBT (Lesbian, Gay, Bisexual, Transgender) များရဲ့ သာရေးနာရေး ကိစ္စရပ်များအတွက် ဆက်လက် ကူညီသွားချင်တယ်လို့ သိရပါတယ်။
“ဆေးရောင်ခြယ် တွဲလက်တဖက်ရဲ့ လုပ်ချင်တဲ့ လုပ်ငန်းတွေက ဒီကာလမှ မဟုတ်ပါဘူး။ တခြားကျန်းမာရေးလိုဟာမျိုး သာရေးနာရေးတွေမှာလည်း ဆက်ပြီးတော့ ကိုယ့်လောကသား အချင်းချင်းကို ကူညီဖို့ အစီအစဉ်လေးတွေ ရှိနေတယ်ဆိုတော့ ဘယ်နေ့ထိရယ်လို့ မဟုတ်ပါဘူး။ တချို့ကလေးတွေဆိုရင်လည်း တော်တော် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်” လို့ နဝရတ်အောင်အောင်က ပြောပါတယ်။
သူတို့အဖွဲ့ကို လှူဒါန်းချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ်များမှတဆင့် ငွေများကိုလွှဲပေးနိုင်သလို ဘဏ်အကောင့်များကလည်း လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
You may also like these stories:
အဆင်မပြေတဲ့ ဘဝတူ မိန်းမလျာတွေအတွက် လှူဒါန်းပေးနေတဲ့ မိတ်ကပ် ဆူး
LGBTIQ တွေကို မမုန်းတီးကြဖို့ ဥက္ကာမင်းမောင် ပြော
ကျား/မ ရေးရာ တန်းတူညီမျှရေး ချန်ပီယံဆု အမည်စာရင်း တင်သွင်းရန် ဖိတ်ခေါ်