MRTV-4 ရုပ်သံလိုင်းမှာ လက်ရှိ ပြသနေတဲ့ “တို့မမနဲ့တို့” ဇာတ်လမ်းတွဲမှာ အပျိုကြီး သန်းသန်းဆွေ အနေနဲ့ သရုပ်ဆောင်ထားတဲ့ မြတ်သူသူကတော့ ဒီဇာတ်လမ်းတွဲထဲမှာပါတဲ့ ဇာတ်ဝင်သီချင်း တပုဒ်ကို သူကိုယ်တိုင် သီဆိုထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ဒီထဲမှာ မြတ်သူ ကိုယ်တိုင်ဆိုထားတဲ့ နှစ်သိမ့်ဆု ဆိုတဲ့ ဇာတ်ဝင်သီချင်း ပါလာတယ်။ အဲဒါကို အကုန်လုံးက နားထောင်လိုက်တဲ့ အချိန်မှာ မြတ်သူရဲ့အသံလားလို့ လာမေးကြတယ်။ ပြီးတော့ Music Video တင်လိုက်တော့လည်း အကုန်လုံးက သိသွားကြတယ်။ အဲ့အတွက်ကြောင့် သီချင်းဆိုတဲ့ နေရာမှာလည်း အားပေးကြတဲ့အတွက် အရမ်းကျေးဇူးတင်တယ်” လို့ မြတ်သူသူက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲအတွက် ရည်ရွယ်ပြီး သီဆိုခဲ့တာ မဟုတ်ပေမယ့် အခုလို ဇာတ်ဝင်သီချင်းအဖြစ် ပါဝင်ခဲ့တဲ့အတွက် ဝမ်းသာရတယ်လို့ ဆိုပါတယ်။
“အဓိက ဒီသီချင်းလေး ပါဝင်ဖြစ်သွားတာက မြတ်သူက ဟိုအရင်ကတည်းက သီချင်းလေးတွေ တင်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ ပထမ ကိုဗစ်ဖြစ်တဲ့အချိန် အဲ့သီချင်းလေးက အသံသွင်းပြီးတော့မှ တင်ပေးဖြစ်လိုက်တယ်။ ဒီသီချင်းလေးနဲ့ သန်းသန်းဆွေ ကာရိုက်တာနဲ့ ကိုက်နေတဲ့အခါကျတော့ မြတ်သူတို့ ပရိုဂျူဆာ အစ်မနဲ့ တိုင်ပင်ပြီးတော့ ဒီကားထဲမှာ ထည့်ဖြစ်တာပေါ့။ သီချင်းကတော့ ဒီကားအတွက် ရည်ရွယ်ပြီး ရေးထားတာတော့ မဟုတ်ပါဘူး” လို့ မြတ်သူသူက ပြောပါတယ်။
အဆိုပါ “နှစ်သိမ့်ဆု” သီချင်းကိုတော့ မြတ်သူသူက သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကို ထုတ်မယ့် မီနီ အယ်လ်ဘမ်ထဲမှာ ထည့်ဖို့အတွက် ရည်ရွယ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“နှစ်သိမ့်ဆု သီချင်းက မြတ်သူ မီနီအယ်ဘမ်လေး လုပ်နေတယ်။ “မရှိမဖြစ်” ဆိုတဲ့ အခွေလေးမှာ ပါမယ်။ သီချင်းလုပ်ဖြစ်တယ်ဆိုတာကလည်း အဆိုတော် ဖြစ်ချင်တယ်ဆိုတာထက် မြတ်သူကို ချစ်ပေးကြတဲ့ အားပေးကြတဲ့ ပရိသတ်တွေနဲ့ တွေ့တဲ့အခါကျရင် ကိုယ်ပိုင်သီချင်းလေးတွေနဲ့ ပရိသတ်ကိုဖျော်ဖြေပေးချင်တယ်။ အတူတူ သီချင်းတွေ ဆိုချင်တယ်။ အဲဒါကြောင့် သီချင်းတွေ ဆိုဖြစ်တာ”
“အဓိက မြတ်သူရဲ့ရပ်တည်ချက်သည် အဆိုတော် သရုပ်ဆောင်ဖြစ်ချင်တာ မဟုတ်ပါဘူး။ သရုပ်ဆောင်ပဲ ဖြစ်ချင်တာ။ ကိုယ်ပိုင် သီချင်းလေးတွေနဲ့ ပျော်ချင်လို့သာ အခွေလေး လုပ်လိုက်တာ” လို့ မြတ်သူသူက ပြောပါတယ်။
မကြာခင်မှာတော့ “တို့မမနဲ့တို့” ဇာတ်လမ်းတွဲက ဇာတ်သိမ်းတော့မှာဖြစ်ပြီး ပထမဆုံး တီဗီမှာပြသတဲ့ Boy Love စီးရီး ဖြစ်တာကြောက့် ဇာတ်သိမ်းပိုင်းကို လူအများက စိတ်ဝင်စားနေတဲ့အပေါ်လည်း အခုလိုပြောခဲ့ပါတယ်။
“ဒီကားသည် LGBT ကို ကိုယ်စားပြုထားတဲ့ဖြစ်တဲ့အတွက် ပထမဦးဆုံး ထုတ်လွှင့်တဲ့ BL စီးရီး ဖြစ်တဲ့အတွက် ဇာတ်သိမ်းမှာ ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားကြတယ်။ ဇာတ်သိမ်းဆိုတာ မြတ်သူတို့ ရိုက်ထားတဲ့အတိုင်း သိမ်းသွားမယ်”
“ဒီကားမှာ ပေးချင်တာက မြတ်သူတို့ မိဘနဲ့ သားသမီးကြားမှာ ရှိနေတဲ့ နားလည်မှု အလွဲလေးတွေ၊ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတခုနဲ့ သားသမီးတွေ ဖြစ်ချင်တာကို မသိတာမျိုးတွေ၊ မိန်းမတယောက်အနေနဲ့ တိုးတက်အောင် မြင်အောင် လုပ်ရမယ့်အစား အချစ်ဆိုတဲ့ နောက်ကို အရူးအမူး လိုက်နေတယ်ပေါ့။ တရားလွန်တွေ ဖြစ်သွားတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေ ရိုက်ပြတာပေါ့” လို့ ပြောပါတယ်။
ဇာတ်သိမ်းပိုင်းထက် ဇာတ်လမ်းက ပေးချင်တဲ့အကြောင်းအရာတွေက အသိပညာ ရစေမှာဖြစ်ပြီး သရုပ်ဆောင်များမှာ ကာရိုက်တာအရ လုပ်ရတာဖြစ်တာကြောင့် နားလည် ချစ်ပေးဖို့အတွက် မြတ်သူသူက ပြောပါတယ်။
You may also like these stories:
သီချင်းအသစ် ထွက်ဖို့ ရှိနေတဲ့ သရုပ်ဆောင် မြတ်သူသူ
“တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲအတွက် ၆ လလောက် လေ့ကျင့်ခဲ့ရတဲ့ မြတ်သူသူဇင်