Walt Disney ကုမ္ပဏီဟာ အော်စကာဆုရ Moonlight ရုပ်ရှင်ဒါရိုက်တာ Barry Jenkins ရဲ့ညွှန်ကြားမှုအောက်မှာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Lion King” ဇာတ်လမ်း နောက်ဆက်တွဲကို ဖန်တီးနေပြီလို့ သိရပါတယ်။
၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Disney ရဲ့ မူရင်းကာတွန်းရုပ်ရှင်မှာတော့ ဆင်ဘာဆိုတဲ့ ခြင်္သေ့ပေါက်လေး အရွယ်ရောက်တာတဲ့ အကြောင်းကို ပြသခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဗားရှင်းမှာတော့ Live-action ပိုဆန်တဲ့ နည်းပညာကို အသုံးပြုပြီး မူရင်းဇာတ်လမ်း ကျောရိုးကို ပြန်လည် ဖန်တီးခဲ့ပါတယ်။
အခုရုပ်ရှင်အသစ်မှာလည်း ကမ္ဘာတဝန်း ဝင်ငွေဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရရှိခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ရုပ်ရှင်လိုပဲ တူညီတဲ့ နည်းပညာကို အသုံးပြုဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် တေးဂီတတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရှုစားကြရဦးမှာ ဖြစ်ပါတယ်။
ဒါရိုက်တာ Jenkins က “၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ညီလေး နှစ်ယောက်ကို အစ်မနဲ့အတူ ကျွေးမွေး စောင့်ရှောက်ခဲ့ရင်းနဲ့ အဲ့ဒီ ဇာတ်ကောင်တွေနဲ့အတူ ကြီးပြင်းခဲ့ရတယ်။ အခုတော့ အာဖရိက ယဉ်ကျေးမှုအတွင်းက ရှေးခေတ်ပုံပြင်တွေနဲ့ သက်ရှိတွေကို ပုံဖော်ပြီး သံယောဇဉ်၊ အချစ်နဲ့ အမွေအနှစ်တွေရဲ့ ထူးခြားတဲ့ အကြောင်းအရာကို ချဲ့ထွင်ဖို့ Disney နဲ့အတူ အလုပ်လုပ်ရမယ့် အခွင့်အရေးကို ရရှိခဲ့ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
ဒါရိုက်တာ Jenkins ဟာ လိင်တိမ်းညွှတ်မှုနဲ့ ပတ်သက်လို့ လူမည်း အမျိုးသားတဦးရဲ့ ရုန်းကန်မှုအကြောင်း ရိုက်ကူးထားတဲ့ “Moonlight” ရုပ်ရှင်နဲ့ အကောင်းဆုံး ဇာတ်ကားဆုကို ရရှိခဲ့သလို့ အကောင်းဆုံး ဇာတ်ညွှန်းဆုကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ လူငယ်ချစ်သူ နှစ်ဦးရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ဒါရိုက်တာ James Baldwin ရဲ့ “If Beale Street Could Talk” ရုပ်ရှင်ဇာတ်ညွှန်းအတွက်လည်း အကယ်ဒမီဆု လျာထားခံခဲ့ရပါတယ်။
အခုရုပ်ရှင်အသစ်အတွက် ဖြန့်ချိမယ့်နေ့ရက်၊ အသံသရုပ်ဆောင်မယ့်သူနဲ့ ဘယ်နေ့ ထုတ်လုပ်ရေး လုပ်ငန်းစတင်မယ်ဆိုတာကို မကြေညာသေးပါဘူး။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Lion King” ရုပ်ရှင်မှာတော့ အသံသရုပ်ဆောင်တွေအဖြစ် Donald Glover, Seth Rogen, Chiwetel Ejiofor, Alfre Woodard နဲ့ Beyoncé Knowles-Carter တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။
Ref: asiaone
You may also like these stories:
“Lion King” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေပြီဖြစ်တဲ့ Disney
Netflix ရဲ့မှတ်တမ်းစီးရီးကြောင့် နာမည်ကြီးလာတဲ့ “Tiger King” တိရစ္ဆာန်ရုံ ပိတ်လိုက်ရ