ASF လို့ လူသိများတဲ့ “Asia Song Festival” ဟာ ၂၀၀၄ ခုနှစ်ကစလို့ တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ်ကျင်းပခဲ့တဲ့ အာရှ ပေ့ါပ်ဂီတပွဲတော်တခု ဖြစ်ပါတယ်။ (KOFICE) လို့ခေါ်တဲ့ နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ရေးဆိုင်ရာ ကိုရီးယားဖောင်ဒေးရှင်းက ဦးစီးကျင်းပတာဖြစ်ပြီး အာရှနိုင်ငံတွေက အနုပညာရှင်တွေ လာရောက် ဖျော်ဖြေလေ့ ရှိပါတယ်။
ပါဝင်ကြတဲ့အနုပညာရှင်တွေကို ကိုရီးယားယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားဝန်ကြီးဌာနက ဂုဏ်ပြုဆုချီးမြှင့်ပြီး (KOFICE) ရဲ့ ဥက္ကဋ္ဌက အကောင်းဆုံး အာရှအနုပညာရှင်ဆုကို ချီးမြှင့်ပေးပါတယ်။ ၂၀၀၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပထမဆုံးပွဲတော်ကနေစလို့ ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ TVXQ ဟာ ၅ နှစ်ဆက်တိုက် ပါဝင်ခဲ့တဲ့ အနုပညာရှင်အဖွဲ့ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီပွဲတော်ကို မှတ်တမ်းတင် ရိုက်ကူးထားပြီး ကိုရီးယားမှာရှိတဲ့ SBS ရုပ်သံလိုင်းနဲ့ ဂျပန်မှာရှိတဲ့ Fuji TV တို့ကနေ လွှင့်ထုတ်ပါတယ်။ ဒါ့အပြင် အမေရိကန်၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဖင်လန်၊ ဘူလ်ဂေးရီးယား၊ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများက ရုပ်သံထုတ်လွှင့်ရေး ဌာနကတွေကလည်း ထုတ်လွှင့်ပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ပွဲတော်ရဲ့ အဓိကသီချင်းဖြစ်တဲ့ “Dreams Come True” သီချင်းကို Super Junior အဖွဲ့ဝင် Lee Donghae နဲ့ Girls’ Generation အဖွဲ့ဝင် Seohyun တို့က သီဆိုခဲ့ပြီး ဒစ်ဂျစ်တယ် သီချင်းတပုဒ်အနေနဲ့ ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီသီချင်း ရောင်းချရမှုကနေ ရရှိခဲ့တဲ့ ငွေတွေကို အာဖရိက နိုင်ငံတွေမှာရှိတဲ့ ကလေးသူငယ်တွေကို ကူညီဖို့ ယူနီဆက်ဖ်အဖွဲ့ထံ လှူဒါန်းခဲ့ပါတယ်။
2019 Asia Song Festival ကိုတော့ Ulsan အားကစားရုံမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တို့မှာ ကျင်းပခဲ့ပါတယ်။ Chani, Hyunjin နဲ့ Yeji တို့က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး Winner, April, Eric Nam, Stray Kids, Itzy, The Boyz, Ateez, AB6IX တို့လိုမျိုး နာမည်ကျော် K-pop အဆိုတော်တွေ ဖျော်ဖြေခဲ့ပါတယ်။
အခုနှစ်မှာ ကျင်းပမယ့် ပွဲတော်အတွက် ဖျော်ဖြေမယ့် အနုပညာရှင်စာရင်းကိုလည်း မကြာသေးခင်တုန်းက ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာတော့ Gyeongju မြို့မှာ ကျင်းပမှာဖြစ်ပြီး ကပ်ရောဂါကြောင့် အွန်လိုင်းကနေပဲ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဖျော်ဖြေမယ့် အနုပညာရှင်စာရင်း ပထမအသုတ်ကို ကြေညာခဲ့ပါတယ်။
အဲ့ဒီ အနုပညာရှင်တွေထဲမှာ Red Velvet အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Irene နဲ့ Seulgi, Oh My Girl အဖွဲ့ဝင် YooA, MOMOLAND, Kang Daniel, ATEEZ, iKON နဲ့ The Boyz အဖွဲ့တို့ ပါဝင်ကြပါတယ်။
အဓိက ဖျော်ဖြေတင်ဆက်မှုကိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၈ နာရီမှာ ကျင်းပဖို့ ရှိပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Project K အဖွဲ့ပါဝင်မယ့် အဲ့ဒီပွဲတော်ကို အောက်တိုဘာလ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကိုရီးယားစံတော်ချိန် ည ၈ နာရီမှာ ကျင်းပမှာဖြစ်ပြီး Gyeongju ရဲ့ ယဉ်ကျေးမှု အမွေအနှစ်နေရာ ရှေ့မှာ ဖျော်ဖြေရမှာ ဖြစ်ပါတယ်။
အဲ့ဒီပွဲအစီအစဉ်တွေ အားလုံးကို Asia Song Festival ရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ “The K-pop” YouTube ချန်နယ်တို့ကနေ တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
Ref: kpopstarz
You may also like these stories:
ပွဲတော်ရက်ကို ပရဟိတလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ မင်းသား Song Joong Ki
သြဂုတ်လအတွင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ
မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ကိုရီးယားမှာ သွားဖျော်ဖြေမယ့် Project K အဖွဲ့