ကိုဗစ်ကာလအတွင်း ရှေ့တန်းကနေ တိုက်ပွဲဝင် ဆေးကုသပေးနေရပြီး အမှန်တကယ် လိုအပ်နေတဲ့ နေရာများအတွက် မော်ဒယ် သန္တာလှိုင်က သူ့ရဲ့ အဖွဲ့ဝင်များနဲ့အတူ ခေတ်သစ်ဖောင်ဒေးရှင်းကို ငွေကျပ်သိန်း ၂၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“လတ်တလော ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်မြန် ရောဂါကို အကောင်းဆုံး တုံ့ပြန်ခြင်းက ကိုယ့်ကိုယ်ကို မကူးစက်အောင် နေထိုင်ခြင်းပါပဲ။ ဒီလို မကူးစက်အောင် ကာကွယ်နိုင်စေဖို့ လူအများကို ကိုယ့်အိမ်မှာပဲ နေရင်း ကိုယ့်ရဲ့ ခန္ဓာကိုယ် ခုခံအား စနစ်တွေ မြင့်မားကောင်းမွန်နေအောင်၊ လေ့ကျင့်ခန်းတွေ စိတ်အားထက်သန်စွာနဲ့ ပုံမှန်လုပ်ဖြစ်အောင် ပထမလှိုင်းမှာကတည်းက ကျမတို့ဟာ T Fitness နဲ့ အတူ Challenge တွေ၊ ကျန်းမာရေး အသိပညာ ဗဟုသုတတွေကို နေ့စဉ် Live လွှင့်ပြီး မျှဝေဖို့ ကြိုးစားခဲ့ပါတယ်” လို့ သန္တာလှိုင်က ပြောပါတယ်။
သူကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားတဲ့ T Fitness မှာတော့ ကိုဗစ် ပထမလှိုင်းမှာကတည်းက အိမ်မှာနေရင်း ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရန် လေ့ကျင့်ခန်းများ၊ Challenge များကို Live လွှင့်ကာ မျှဝေခဲ့တယ်လို့ သိရပါတယ်။
အခုလို အလှူလုပ်တာဟာလည်း T Fitness ကို အဖွဲ့ဝင်ပေးကြတဲ့သူတွေရဲ့ ကိုယ်စား လှူဒါန်းမှု ပြုလုပ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“တချိန်တည်းမှာပဲ ရှေ့တန်းက ဆေးကုသပေးနေတဲ့ အမှန်တကယ် လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးတော့ ကျမတို့ရဲ့ T Fitness personal Training Application ရဲ့ Member များအားလုံးရဲ့ ကိုယ်စား တတ်နိုင်သလောက် လှူဒါန်းမှုလေး ပြုလုပ်ပေးလိုက်ပါတယ်” လို့ သန္တာလှိုင်က ပြောပါတယ်။
ဒီလိုအချိန်အခါမှာ စီးပွားရေးတွေ၊ ဝင်ငွေတွေလည်း ကျဆင်းနေတာဖြစ်တဲ့အတွက် တတ်နိုင်သမျှချွေတာဖို့ လိုအပ်ပြီး ကျန်းမာရေးနဲ့ ခုခံအားကို အမြင့်ဆုံးရောက်အောင် နေထိုင်စားသောက်ဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။
“အခုလို ကူးစက်မြန် ရောဂါကြောင့် အလုပ်တွေ ရပ်နားနေရတဲ့အချိန်၊ စီးပွားရေးတွေ ဝင်ငွေတွေ ကျဆင်းနေတဲ့ အချိန်က ဘယ်လောက်အထိ ကြာဦးမယ်ဆိုတာ မသိနိုင်သေးပေမယ့် တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်မှာပဲ နေပါ။ တတ်နိုင်သမျှ ချွေတာပါ။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ခုခံအားကို အမြင့်ဆုံးမှာ ရောက်အောင် နေထိုင်စားသောက်ပါလို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်ရှင်” လို့ သန္တာလှိုင်က ပြောပါတယ်။
သန္တာလှိုင်ကတော့ အဆိုပါ အကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာကတဆင့် အလှူအကြောင်း မျှဝေကာ ပြောပြထားတာ ဖြစ်ပါတယ်။ သန္တာလှိုင်ရဲ့ Page မှာတော့ ကျန်းမာ ကြံ့ခိုင်အောင် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းများ၊ နည်းလမ်းများကို အမြဲ မျှဝေလျက် ရှိပါတယ်။
You may also like these stories:
အနုပညာရှင်တယောက် အနေနဲ့ ကူညီပေးဖို့ အဆင်သင့် ရှိနေတဲ့ ဒေါင်း
လက်ရှိ ပိုင်ဆိုင်ထားတဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးအကြောင်း ပြောပြတဲ့ သန္တာလှိုင်
သက်ကြီးသဘင်ပညာရှင်များကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ လူရွှင်တော် အောင်သော်