နာမည်ကျော် နပန်းသမားဟောင်း၊ မင်းသား John Cena က BTS အဖွဲ့ကို သဘောကျတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက် ညပိုင်းမှာ John က နွေဦးကာလ အချိန်ကတည်းက ပိတ်ထားခဲ့ရပြီးတဲ့နောက် ပြန်လည် ပြုလုပ်တဲ့ “The Tonight Show starring Jimmy Fallon” အစီအစဉ်မှာ ပထမဆုံး ဧည့်သည်တော်အဖြစ် ပါဝင်ခဲ့ပါတယ်။
သူပါဝင်ခဲ့တဲ့ အပိုင်းတခုတည်းမှာ K-pop အဆိုတော်တွေဖြစ်တဲ့ BTS အဖွဲ့ ပါဝင်မှာ ဖြစ်တဲ့အတွက် John ဟာ အဖွဲ့နဲ့ ပတ်သက်လို့ တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့တာ တွေ့ရပါတယ်။
မင်းသား John က “ဒီအဖွဲ့လုပ်ထားတာတွေကို ကျနော် သဘောကျတယ်။ ကျနော် ဂီတကို စိတ်ဝင်စားတယ်။ အဲ့ဒီနောက် ဂီတက ရပ်တည်တဲ့ အရာတွေအတွက် စိတ်ဝင်စားလာတယ်။ သူတို့တွေ့ ကိုယ့်ကိုကိုယ် ချစ်ဖို့ ဆော်သြပေးတယ်။ ရှုံးနိမ့်မှာကို မကြောက်ဖို့ ဆော်သြပေးတယ်”လို့ ပြောပါတယ်။
ဆက်ပြီး သူက “ခင်ဗျားတို့ဟာ သာမန်လူတွေ ဖြစ်တယ်ဆိုတာ ဆော်သြပေးတယ်။ သူတို့တွေဟာ လူငယ်တွေအတွက် သတင်းစကားတွေ ပါးပေးနေသလို ကျနော်တို့ ဖြတ်သန်းရတဲ့ အခြေအနေဆိုးတွေနဲ့ ပုံမှန်တွေ့နေကျ အခက်အခဲတွေ အားလုံးကို ဖြိုခွင်းဖို့ ကြိုးစားနေကြတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် John က “Black Lives Matter” လှုပ်ရှားမှုအတွက် BTS အဖွဲ့ရဲ့ ဒေါ်လာ ၁ သန်း လှူဒါန်းမှုကိုလည်း ထောက်ပြခဲ့ပြီး အခုလိုမျိုး တက်ကြွ လှုပ်ရှားမှုတွေကို ထောက်ခံတဲ့အတွက် BTS အဖွဲ့ကို ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် ARMY လို့ခေါ်ကြတဲ့ BTS အဖွဲ့ရဲ့ ပရိသတ်တွေဟာလည်း အဲ့ဒီလှူဒါန်းမှုမှာ ပါဝင်ခဲ့ကြတာကြောင့်လည်း ချီးကျူးခဲ့ပါတယ်။
သူက “အဲ့ဒါဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နေတာပါပဲ” လို့ ဆိုပါတယ်။ အဲ့ဒီအစီအစဉ် နောက်ပိုင်းမှာ တင်ဆက်သူ Fallon ဟာ BTS အဖွဲ့ရဲ့ နာမည်ကျော် သီချင်းဖြစ်တဲ့ “Home” ဖျော်ဖြေမှုကို မိတ်ဆက်ပေးခဲ့ပါတယ်။ နပန်းသမားဟောင်း John ဟာ အရင်တုန်းကလည်း BTS အဖွဲ့ကို သဘောကျနှစ်ခြိုက်တဲ့အကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက လုပ်ခဲ့တဲ့ “The Tonight Show” အစီအစဉ်မှာလည်း BTS အဖွဲ့က John ကို သဘောကျတဲ့အကြောင်း ပြန်လည် ပြောဆိုခဲ့ဖူးပါတယ်။ Twitter ပေါ်မှာတော့ ARMY တွေဟာ John ရဲ့ ပြောဆိုမှုတွေကို သူတို့လည်း သဘောကျတဲ့အကြောင်း ထုတ်ဖော် ပြောဆိုနေကြပါတယ်။
Ref: etcanada
You may also like these stories:
“2020 Asia Song Festival” မှာ ဖျော်ဖြေမယ့် အနုပညာရှင်စာရင်း ကြေညာ
“Lion King” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေတဲ့ Disney
YouTube မှာ Subscriber ဒုတိယအများဆုံး အနုပညာရှင် ဖြစ်လာတဲ့ BLACKPINK အဖွဲ့