Entertainment

“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ ရုပ်ပိုင်းဆိုင်ရာ ဝေဖန်ခံခဲ့ရတဲ့ မြတ်နိုးအေး

Want create site? Find Free WordPress Themes and plugins.

MNTV ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ သူသူစံ (ခေါ်) ကညာ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မြတ်နိုးအေးဟာ ဇာတ်လမ်းတွဲ မထွက်ခင်က ရုပ်ပိုင်းဆိုင်ရာအရ ဝေဖန်မှုများစွာ ခံခဲ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“မြတ်နိုးကို ဒီကားနမူနာတွေ ထွက်တော့ ဝေဖန်မှုနှုန်း မြင့်တက်ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာပေါ့။ ဒီကားထဲက ကာရိုက်တာ ကောင်မလေးကကျတော့ မိတ်ကပ်သိပ်ပြင်လို့ မရတဲ့ သာမန် ကောင်မလေးထဲက ကောင်မလေးတယောက်၊ သူ့ရဲ့ကာရိုက်တာကို အပြင်ကောင်မလေးတွေကလည်း လိုက်လုပ်နိုင်မယ့်အနေအထားမျိုးပေါ့။ တမင်ကို အဝတ်အစားတွေ မိတ်ကပ်တွေကို လျှော့ပြီး ပြင်ထားရတာပေါ့။ ရုပ်ပိုင်းဆိုင်ရာအရ ဝေဖန်ခံထိတယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

ဇာတ်လမ်းမပြခင်က အဲ့လိုတွေ ဝေဖန်ခဲ့ကြပေမယ့် ဇာတ်လမ်းပြသတဲ့ အချိန်မှာတော့ မျက်နှာကို ရင်းနှီးသွားပြီး ချစ်စရာလေးလို့ ပြောကြတယ်လို့လည်း ဆိုပါတယ်။

“ဒီရုပ်ကို မင်းသမီး တင်ရိုက်တယ်။ ရုပ်ဆိုးလိုက်တာ ဘာညာနဲ့ ပြောခံထိတယ်။ အဲ့လို ပြောပြီးတော့ ထွက်လာတဲ့အခါကျတော့ ဒီရုပ်ကိုပဲ ရင်းနှီးသွားတာလား မသိဘူး။ ချစ်စရာလေးလို့ ပြောကြတယ်။ အမှန်တကယ် ဝန်ခံရရင်တော့ မလှနေဘူး။ ပုံမှန် မြင်တွေ့နေကျထက် ကွဲထွက်နေတာပေါ့။ မိတ်ကပ်က မလိမ်းရနီးပါး သရုပ်ဆောင်ခဲ့ရတော့ ဒီကာရိုက်တာကိုပဲ စိတ်ထဲထည့်ပြီးမှ လုပ်ခဲ့တယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

ကာရိုက်တာ ပြင်ဆင်မှုအရ အပြင်မှာ ကြက်တောင် လုံးဝ မရိုက်တတ်ပေမယ့် ဇာတ်လမ်းတွဲအတွက် ကြက်တောင်ရိုက်ကို ၄ လကြာ သင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

“ကာရိုက်တာ ပြင်ဆင်မှုအပိုင်းမှာ ဒီကားထဲက သူသူစံရဲ့ဇာတ်ကောင်နေရာအတွက် အပြင်မှာ မြတ်နိုးက ကြက်တောင် လုံးဝ မရိုက်တတ်ဘူး။ ဒီကားကို ကမ်းလှမ်းတဲ့အချိန်မှာ သွားသင်ထားလိုက်တော့ပေါ့။ အိုကေဆိုပြီး အဲ့တုန်းကတည်းက စကျင့်ခဲ့တာ ၄ လလောက်ပေါ့။ ဆရာတွေနဲ့လည်း ကျင့်တယ်။ မသွားနိုင်တဲ့ နေ့တွေမှာဆို အိမ်မှာ တခြားသူတွေနဲ့ ကျင့်ရတာပေါ့နော်။ မြတ်နိုးဘက်ကတော့ အကောင်းဆုံးကြိုးစားခဲ့တယ်။ အရမ်းတတ်သွားပြီဆိုပြီး ပြောနေတာမျိုးတော့ မဟုတ်ဘူး။ ကိုယ်ကတော့ ၁၀၀ ရာခိုင်နှုန်း ကြိုးစားခဲ့တယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲ ရိုက်စဉ်က အမှတ်တရတွေ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အမှတ်တရဆိုရင်တော့ တော်တော်ပင်ပန်းခဲ့တာကို သတိရမိတယ်။ ရိုက်ထားတာက လွန်ခဲ့တဲ့ ၁ နှစ်နီးပါးလောက်တော့ ရှိပြီ။ အပင်ပန်းဆုံးနေ့ဆိုရင် ဇာတ်သိမ်းပိုင်း ရိုက်တော့ ကန်တော်ကြီးမှာ ရိုက်တာပေါ့။ အဲ့တုန်းကဆိုရင် Schedule မှာ မပါဘူး။ အဲ့အခန်းက အချိန်ပိုနေတော့ ရိုက်လိုက်ရတော့ အရမ်းကို ဖိအား များသွားတယ်။ ဇာတ်သိမ်းကို ရိုက်လိုက်ရတယ်။ အဲ့အခန်းကိုလည်း အရမ်းအားရခဲ့တယ်။ သူသူစံနေရာ ကညာ့နေရာကနေ ပြီးတော့ အပြည့် ခံစားပြီးသရုပ်ဆောင်ခဲ့တာ လုံးဝ အမှတ်တရပဲ”လို့ မြတ်နိုးအေးက ပြောပါတယ်။

“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဇာတ်သိမ်းသွားခဲ့ဖြစ်ပြီး အားပေးတဲ့ပရိသတ်တွေကတော့ Season 2 ရိုက်ဖို့အတွက် တောင်းဆိုကြတယ်လို့ သိရပါတယ်။

“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲ

“ရင်ခုန်သံ ၇၄ ရက် ဇာတ်သိမ်းခန်းလေးကြည့်ပြီး ရင်ထဲတော့ ကောင်းမနေဘူး။ ပျော်စရာဇာတ်သိမ်းတော့ မဟုတ်ခဲ့ဘူး။ ပရိသတ်တွေကတော့ Season 2 တွေတောင် တောင်းနေတာပေါ့။ အရမ်းကျေနပ်မိတယ်။ ကိုယ်ပါဝင်ခဲ့တဲ့ ဇာတ်လမ်းလေးကို အားပေး ဝေဖန်မှု တက်ပြီး ကြည့်ပေးကြတော့ ကျမတို့ဘက်က ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

မြတ်နိုးအေးကတော့ “ည” ၊ “သူစိမ်းအိမ်” ရုပ်ရှင်ကားများနဲ့ ပရိသတ်အားပေးမှုရခဲ့ပြီး အခုအခါမှာလည်း “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲနဲ့ ပရိသတ်အချစ်ကို ထပ်မံ ရရှိခဲ့ပြန်ပါတယ်။

You may also like these stories:

ခေတ်သစ်ဖောင်ဒေးရှင်းကို ငွေကျပ်သိန်း ၂၀ လှူဒါန်းခဲ့တဲ့ မော်ဒယ် သန္တာလှိုင်

နေအိမ်မှာပဲ ၁၄ ရက်နေကြဖို့ သရုပ်ဆောင် နိုင်းနိုင်း တိုက်တွန်း

“တို့မမနဲ့တို့” ဇာတ်လမ်းတွဲမှာ ဇာတ်ဝင်သီချင်း ပါဝင်သီဆိုထားတဲ့ မြတ်သူသူ

Did you find apk for android? You can find new Free Android Games and apps.
Loading