လတ်တလော လူမှုကွန်ရက်မှာ ဝေဖန်မှုများစွာ ခံနေရတဲ့ ဖိနပ်ကြော်ငြာတခုနဲ့ ပတ်သက်ပြီး ပရိသတ်များရဲ့ ပြောဆို ဝေဖန်မှုတွေကို တာဝန်အရ ခံယူသွားမယ်လို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူရွှင်တော် ဧရာက ဧရာဝတီကို ပြောပါတယ်။
“ကြော်ငြာ ရိုက်က ယုန်လေးနဲ့ ရိုက်ထားတာပြီးပြီ။ မရှိတော့ဘူး။ အဲဒါကိုလည်း ပြောကြဆိုကြ ဝေဖန်ကြတယ်လို့ ကြားပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့အလုပ် ကျနော်တို့ လုပ်လိုက်တာပါပဲ။ စင်ပေါ်မှာလည်း ဒီလိုပြက်လုံးတွေ ပြက်ခဲ့ရတာပါပဲ။ မိန်းမကို ကြည့်ပြီး ငမ်းတာပေါ့။ ရုပ်ရှင်တွေထဲလည်း ရိုက်ကြရတာပါပဲ။ တာဝန် မရှိဘူးလို့ မပြောပါဘူး။ တာဝန်အရ ပြောကြ ဆိုကြပါစေ။ ခံမယ်။ ကြိုက်သလောက် ဝေဖန်ကြပါ။ ခံပါမယ်၊ ဒါပါပဲ” လို့ လူရွှင်တော် ဧရာက ပြောပါတယ်။
ဒီကြော်ငြာမှာတော့ သူပါဝင်သရုပ်ဆောင်ရမယ့် နေရာတခုကိုသာ သိရှိခဲ့ပြီး ရိုက်ကူးခဲ့တာကြောင့် ဘာမှန်း မသိလိုက်ဘူးလို့လည်း ဆိုပါတယ်။
“ဇာတ်ညွှန်းက ဘာမှန်းကို မသိပါဘူး။ မင်းသားလည်း မဟုတ်တော့ ဒါလေး ဝင်လုပ်လိုက်ဆိုတော့ ဝင်လုပ်လိုက်တာပါ။ ဘာမှန်းကို မသိလိုက်ဘူး။ အဲ့နေ့က မိုးတွေလည်း ရွာလို့ ပြီးတာနဲ့ ပြန်တာပဲ။ ဟိုးတုန်းကလည်း ကြော်ငြာမှာ ဇာတ်ညွှန်း မရှိပါဘူး။ ဒီလိုပဲ ရိုက်ကြတာပါပဲ” လို့ လူရွှင်တော် ဧရာက ပြောပါတယ်။
ဒီကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး အမှားပါသွားရင်လည်း တောင်းပန်တယ်လို့ ဆိုပါတယ်။
“အမှားပါရင်တော့ ခွင့်လွှတ်ပါပေါ့။ လုပ်နေကျအတိုင်းပဲ လုပ်လိုက်တာပါပဲ။ ထွေထွေထူးထူးကြီးတော့ ယုတ်မာလိုက်မယ်ဟဲ့ဆိုတဲ့ စိတ်မျိုးနဲ့ လုပ်တာ မဟုတ်ပါဘူး။ အမှားရှိသွားရင် ခွင့်လွှတ်ပါ။ ပရိသတ်ကြီး တောင်းပန်တယ်” လို့ လူရွှင်တော် ဧရာက ပြောပါတယ်။
ဒီကြော်ငြာဟာ နိုင်ငံရေး၊ ပုဂ္ဂလိကစော်ကားမှု တခုမှ မပါခဲ့ပေမယ့် ယဉ်ကျေးမှုကို ထိခိုက်သွားတဲ့အတွက် တောင်းပန်တယ်လို့ ဆိုပါတယ်။
“နောက်ဆင်ခြင်မှာပေါ့။ ယုန်လေးကိုလည်း ပြောရမှာပေါ့။ ပရိသတ် မကြိုက်ဘူးဆိုရင် မလုပ်ဘူးပေါ့။ ကြိုက်မလားလို့ ချပြကြည့်ကြတာလေ။ မကြိုက်ဘူးဆိုတော့ ပြန်ရုတ်သိမ်းပေါ့။ နိုင်ငံရေးလည်း မပါဘူး။ ပုဂ္ဂလိက စော်ကားမှုလည်း မပါဘူး။ ယဉ်ကျေးမှုကို ထိခိုက်သွားတာ ရှိမယ်။ မိန်းကလေးတွေရဲ့သိက္ခာ အိန္ဒြေကို ထိခိုက်သွားတာပဲ ရှိတယ်။ အဲ့အတွက် တောင်းပန်တယ်” လို့ ဧရာက ပြောပါတယ်။
အဆိုပါ Mi Star ဖိနပ်ကြော်ငြာကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့က ယုန်လေးရဲ့ Facebook Page မှာ တင်ထားခဲ့တာဖြစ်ပြီး ဒီထဲမှာတော့ လူရွှင်တော် ဧရာ ၊ ယုန်လေးနဲ့ Facebook Cele များပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဒီကြော်ငြာဗီဒီယိုနဲ့ ပတ်သက်ပြီး ကြော်ငြာ တင်ဆက်မှုများဟာ လူအများရဲ့ဝေဖန် ရှုတ်ချမှု ခံနေရပါတယ်။
You may also like these stories:
အဆိုတော် ယုန်လေး လွှင့်တင်သည့် ဖိနပ်ကြော်ငြာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုဖြင့် ဝေဖန်ခံနေရ
“အရင်လို ပြန်မရပ်တည်နိုင်မှာကို အကြောက်ဆုံးပဲ”လို့ ယုန်လေး ပြော
အဆိုတော် ယုန်လေးအား ရိုက်ကူးခွင့် ၁ နှစ် ပိတ်သည့်အပေါ် ဝေဖန်ပြောဆိုမှုများရှိနေ