ကမ္ဘာကျော်အဆိုတော် Bon Jovi ဟာ “2020” ဆိုတဲ့ သူ့ရဲ့ ၁၅ ခုမြောက် စတူဒီယို အယ်လ်ဘမ်ထဲမှာ ၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ COVID-19 ကပ်ရောဂါ၊ လူမျိုးရေး ပဋိပက္ခနဲ့ ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်မှုတွေအကြောင်း ဖော်ပြထားပေမယ့် သူဟာ မေးခွန်းထုတ်ထားတာသာဖြစ်ပြီး ဘက်လိုက်ထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အဆိုတော် Bon Jovi က “ဒါဟာ နိုင်ငံရေးဆိုတာထက် ရေပန်းစားနေတဲ့ အရာသာ ဖြစ်ပါတယ်။ ကျနော် ဘက်လိုက်ထားတာ မဟုတ်ပါဘူး။ သမိုင်းတခုကို မြင်တွေ့ခဲ့သူတဦးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် စဉ်းစားဖို့ ကြိုးစားခဲ့တယ်။ တကယ်လို့သာ ကျနော်က သမိုင်းကို မြင်တွေ့ခဲ့ရတယ်ဆိုရင် အဲ့ဒီအကြောင်းအရာတွေကို ချရေးနိုင်ပြီး မေးခွန်းလည်း ထုတ်နိုင်တာပဲလေ။ ဒါပေမဲ့ အဲ့ဒါက ကျနော်ထားပစ်ခဲ့ချင်တဲ့ နေရာမှာပါ” လို့ ဆိုပါတယ်။
ရော့ခ်တီးဝိုင်းလည်းဖြစ်တဲ့ Bon Jovi အဖွဲ့ကို ၁၉၈၃ ခုနှစ်မှာ ထူထောင်ခဲ့တာဖြစ်ပြီး အမေရိကန်ဂီတသမိုင်းမှာ အကြီးမားဆုံး အနုပညာအဖွဲ့တခုအနေနဲ့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ အခု အယ်လ်ဘမ်အသစ်ကို Nashville မြို့မှာ ၂၀၁၉ ခုနှစ်၊ မတ်လတုန်းက အသံသွင်းယူခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မေလမှာ ဖြန့်ချိဖို့ ပြင်ဆင်ထားခဲ့တာပါ။
ဒါပေမဲ့ အောက်တိုဘာလ ၂ ရက်ကို ရွှေ့ဆိုင်းလိုက်ပြီး ကပ်ရောဂါကာလ ရှေ့တန်းမှာ တာဝန်ယူပေးနေကြတဲ့ လုပ်သားတွေကို ဂုဏ်ပြုထားတဲ့ “Do What You Can” သီချင်းနဲ့ ရဲတပ်ဖွဲ့ဝင် တဦးကြောင့် သေဆုံးခဲ့ရတဲ့ လူမည်းအမျိုးသား George Floyd အကြောင်း ရေးသားထားတဲ့ “American Reckoning” ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို ထပ်ဆောင်း ထည့်သွင်းထားပါတယ်။
“Brothers In Arms” ဆိုတဲ့ သီချင်းမှာဆိုရင် အားကစားပြိုင်ပွဲတွေ မစတင်ခင် အမေရိကန်နိုင်ငံတော် သီချင်းဖွင့်ချိန်အတွင်း လူမျိုးရေးဆိုင်ရာ တရား မမျှတမှုတွေကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ NFL ကွင်းလယ် နောက်ခံလူ Colin Kaepernick အကြောင်း စပ်ဆိုထားတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံသားတွေကို စိတ်ဝမ်းကွဲစေခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်း သီချင်းသီဆိုမှုကနေ ဝေဖန်ခံရမှုရှိနိုင်တာကို စိုးရိမ်ခဲ့ပါသလား ဆိုတဲ့မေးခွန်းကိုတော့ Bon Jovi က “သိတော့ သိပါတယ်။ ဒါပေမဲ့ မကြောက်ပါဘူး။ ဝေဖန်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင် ထုတ်ဖော်ပြောဆိုမှုသာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
သူက “အရိုးသားဆုံးပြောရမယ်ဆိုရင် ကျနော့်ရဲ့ တနေ့တာမှာ အခိုက်အတန့်တွေ အများကြီးရှိမယ်။ ကျနော့်ရဲ့ အခွေဘယ်လိုဖြစ်မယ်၊ လူတွေက ကျနော့်အကြောင်း ဘာတွေ တွေးကြမယ်ဆိုတဲ့ တုံ့ပြန်မှုတွေကို ကျနော် ကြောက်နေမယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီနေ့မှာပဲ နာရီအနည်းငယ်ကြာရင် ဘယ်သူ့ကို ဂရုစိုက်ရမှာလဲလို့ ပြောမိမှာပဲ။ခင်ဗျားတို့ပြောတာ ခင်ဗျားတို့ ကိစ္စပါ။ ပြီးတော့ ဒါဟာ အနုပညာရှင်တယောက် လုပ်ရမယ့်ကိစ္စပါ” လို့ ပြောဆိုခဲ့ပါတယ်။
Ref: Reuters
You may also like these stories:
“သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အိမ်သာ လျှော့တက်ပါ”လို့ ပြောတဲ့ ဘရာဇီး သမ္မတ
နောက်နှစ်မှာ ထွက်မယ့် အခွေသစ် နာမည်ကို ကြေညာလိုက်တဲ့ အဆိုတော် Bon Jovi