အော်စကာဆုရ ရုပ်ရှင်ဒါရိုက်တာတွေ ဖြစ်ကြတဲ့ James Cameron, Clint Eastwood နဲ့ Martin Scorsese တို့ဟာ ရုပ်ရှင်ရုံပိုင်ရှင်တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတောင်းခံမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး ရုပ်ရှင်ရုံလုပ်ငန်း အနာဂတ်အတွက် စိုးရိမ်နေရပြီလို့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
အမေရိကန်ဆီးနိတ် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်တွေဆီ ပေးပို့ခဲ့တဲ့ စာထဲမှာ COVID-19 ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေ ဆိုးဆိုးရွားရွား အထိနာခံရပြီး ရန်ပုံငွေတွေသာ မရှိရင် ရုပ်ရှင်ရုံတွေဟာ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ဆက်လက် ရှင်သန်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
အမျိုးသားရုပ်ရှင်ရုံ ပိုင်ရှင်များအသင်း၊ အမေရိက ဒါရိုက်တာများ အစည်းအရုံ၊ ရုပ်ရှင်အသင်းတို့နဲ့အတူ ဒါရိုက်တာနဲ့ ထုတ်လုပ်သူပေါင်း ၇၀ ကျော်တို့က အဲ့ဒီစာကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကစလို့ ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။
AMC Entertainment နဲ့ Cineworld Plc ရဲ့ Regal Cinemas တို့အပါအဝင် ရုပ်ရှင်လုပ်ငန်းစုတွေကတော့ အမေရိကန် မြို့တော်တော်များများမှာ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ပေမယ့် ရုံအတွင်းဝင်ရောက်မယ့် လူအရေအတွက်ကို လျှော့ချထားရပါတယ်။ ဒါပေမဲ့ လော့စ်အင်ဂျလိစ်နဲ့ နယူးယောက်လိုမျိုး ရုပ်ရှင်ဈေးကွက်ကြီးတွေ ရှိရာ နေရာမှာတော့ ရုံတွေကို ပြန်မဖွင့်နိုင်သေးပါဘူး။
အမေရိကန်နိုင်ငံသားတွေကို ရုပ်ရှင်ရုံအတွင်း ပြန်ခေါ်နိုင်မယ့် ကြိုးပမ်းချက်တွေက စိတ်ပျက်စရာကောင်းခဲ့ပြီး ဟောလိဝုဒ် စတူဒီယိုတွေကလည်း “Black Widow” နဲ့ “Top Gun: Maverick” တို့လို ရုပ်ရှင်တွေကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်ထားရပါတယ်။ စာထဲမှာတော့ အသေးစားနဲ့ အလတ်စား ရုပ်ရှင်ရုံကုမ္ပဏီတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာ အကူအညီတွေ ရောက်မလာခဲ့ရင် ဒေဝါလီခံရတော့မှာ ဒါမှမဟုတ် ထာဝရ ပိတ်သိမ်းရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စာထဲမှာ “ရုပ်ရှင်ရုံတွေဟာ အမေရိကန်တွေရဲ့ စွမ်းရည်နဲ့ ဖမ်တီးနိုင်စွမ်းကို အကောင်းဆုံး ကိုယ်စားပြုတဲ့ မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ အနာဂတ်အတွက် ကျနော်တို့အခု စိုးရိမ်နေရပါပြီ” လို့ ဖော်ပြထားပါတယ်။
ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထုတ်လုပ်သူတွေဖြစ်ကြတဲ့ Barbara Broccoli နဲ့ Michael G. Wilson၊ “Wonder Woman” ဒါရိုက်တာ Patty Jenkins နဲ့ အက်ရှင်ရုပ်ရှင် ဒါရိုက်တာ Michael Bay တို့ဟာလည်း အဲ့ဒီစာမှာ လက်မှတ် ရေးထိုးထားကြပါတယ်။
အခုနှစ် အစောပိုင်းတုန်းက ခွင့်ပြုလိုက်ပြီး အသုံးမပြုဖြစ်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် အကူအညီပေးရေးဆိုင်ရာ ရန်ပုံငွေကို ပြန်လွှဲပေးတာ ဒါမှမဟုတ် ကပ်ရောဂါ ကာလအတွင်း ရုပ်ရှင်တွေကို ကူညီနိုင်မယ့် အဆိုပြုချက် အသစ်တွေကို ပြဌာန်းပေးတာမျိုး လုပ်ဖို့ ကွန်ဂရက် လွှတ်တော်ကို တောင်းဆိုထားပါတယ်။
Ref: thejakartapost
You may also like these stories:
ကပ်ရောဂါ၊ လူမျိုးရေးနဲ့ ရဲတပ်ဖွဲ့အကြောင်း ပါဝင်တဲ့ Bon Jovi အယ်လ်ဘမ်အသစ်
“ဝေဖန်မှုတွေကို တာဝန်အရ ခံယူသွားမယ်”လို့ လူရွှင်တော် ဧရာ ပြော
“No Time To Die” ဟာ Daniel Craig ရဲ့နောက်ဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်ဟု ဆို