သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်သန်းရင် (အသက် ၉၉ နှစ်) ဟာ စက်တင်ဘာလ ၃၀ ရက်နေ့က လူကြီးရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ မိခင်ကြီး ဆုံးပါးသွားတဲ့နေ့ဟာ မြင်းမိုရ်တောင်ကြီး ပြိုကျတဲ့နေ့ပါလို့ မို့မို့မြင့်အောင်က ပြောပါတယ်။
“ဒီနေ့ကတော့ မို့ရဲ့ မြင်းမိုရ်တောင်ကြီး ပြိုတဲ့နေ့ပါပဲ။ မိခင် အသက်ကြီးလေ တန်ဖိုးကြီးလေပါပဲ။ တန်ဖိုးကြီးမားလှတဲ့ လက်တစုံ ခြေတစုံကို မို့ ဆုပ်ကိုင်ခွင့် မရတော့ပါဘူး” လို့ မို့မို့မြင့်အောင်က ဆိုပါတယ်။
မို့မို့မြင့်အောင်ရဲ့ မိခင် ဒေါ်သန်းရင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၉ နှစ်ရှိပြီဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့၊ နေ့လယ် ၁ နာရီ ၅ မိနစ် အချိန်မှာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ကာလ ဖြစ်တာကြောင့်လည်း ပရိသတ်များ၊ မိတ်ဆွေ သင်္ဂဟများ နောက်ဆုံးခရီးကို လိုက်ပို့လို့ မရတာကြောင့် ထပ်တူ စိတ်မကောင်းဖြစ်နေမယ်လို့လည်း ယုံကြည်ကြောင်း ပြောထားပါတယ်။
“သနပ်ခါးတွေ ဖွေးပြီး ပါးရေတွေ တွန့်နေတဲ့ ပါးပြင်လေးကိုလည်း နမ်းခွင့် မရတော့ပါဘူး။ သွားတွေ မရှိတော့တဲ့ သွားဖုံးကြားက လျှာပေါ်လည်း အစာ အာဟာရ ခွံ့ခွင့် မရတော့ပါဘူး။ ညဘက်မှာလည်း ငါးပါးသီလ အတူယူ၊ ဂုဏ်တော်သုံးပါး အတူရွတ်၊ ၂၄ ပဋ္ဌာန်းဒေသနာတော်လည်း အတူ ရွတ်ခွင့်မရတော့ပါဘူး” လို့ မို့မို့မြင့်အောင်က စိတ်မကောင်းစွာ ဆိုပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့မှာတော့ မိခင်ကြီးရဲ့နောက်ဆုံးခရီးကို မိသားစုဝင် တချို့နဲ့သာ ပြုလုပ်ခဲ့ပြီး ကျေးဇူးတင်စကားလည်း ဆိုထားပါတယ်။
“ဒီနေ့ မာမီကို တွေ့တာ နောက်ဆုံးနေ့ပါပဲ။ နောက်ဆုံးခရီးကို ကူညီပေးကြတဲ့ ကိုကျော်သူ၊ မရွှေဇီးကွက်တို့နဲ့အတူ ရန်ကုန် နာရေးကူညီမှုအသင်းမှ မေတ္တာစေတနာရှင်များ၊ အွန်လိုင်းမှ ဝမ်းနည်းကြေကွဲခြင်း တင်ပေးကြသော ပရိတ်သတ်၊ We Love MMMA၊ မိတ်ဆွေများ၊ အနုပညာမောင်နှမများ၊ မီဒီယာများ၊ Comment များကို စာမပြန်နိုင်တာ ခွင့်လွှတ်ပါ။ အားလုံးကို ကျေဇူးအထူးတင်ပါတယ်” လို့ မို့မို့မြင့်အောင်က ပြောပါတယ်။
အကယ်ဒမီ မို့မို့မြင့်အောင်ကတော့ သူ့မိခင် ဆုံးပါးသွားတဲ့ အကြောင်း သူ့ရဲ့ Facebook Page ကနေတဆင့် ပရိသတ်များကို အသိပေး ပြောပြထားတာ ဖြစ်ပါတယ်။