Entertainment

အမျိုးသမီးတွေကို စော်ကားလာရင် အရင့်သီးဆုံး တုံ့ပြန်တယ်လို့ ဝင်းမင်းသန်း ပြော

Want create site? Find Free WordPress Themes and plugins.

“Glownation” ဆိုတဲ့ စကားရပ်တခုနဲ့ အမျိုးသမီးများအတွက် အလှအပများ၊ Lifestyle နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဆွေးနွေးလေ့ရှိတဲ့ Beauty Blogger ဝင်းမင်းသန်းကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေကို စော်ကားလာရင် အရင့်သီးဆုံး တုံ့ပြန်ပေးတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျမကိုသာ ယောကျ်ား တယောက်က မျက်လုံးနဲ့ကြည့်ပြီး စော်ကားတာဖြစ်စေ၊ ဒီယောကျာ်းက ကျမကို ကြည့်တာ သေချာလို့ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ စော်ကားရင် ကျမက ရတဲ့နည်းနဲ့ တုံ့ပြန်ပြီး ပုံစံမျိုးစုံနဲ့ ပြန်လုပ်ဖို့ အဆင်သင့် ရှိတယ်။ ကိုယ့်အရှေ့မှာ မိန်းကလေးတယောက်ကို ယောကျ်ားတယောက်က နင်ကအင်္ကျီ လက်ပြတ် ဝတ်ထားတာပဲ အပြောခံရမှာပေါ့ဆိုပြီး ကျူးလွန်ခံရသူကိုပြန်ပြီး အပြစ်တင်တတ်တဲ့သူမျိုး မဟုတ်ဘူး”

“ကိုယ့်ရဲ့ဆွေမျိုး၊ မောင်နှမ၊ အသိမိတ်ဆွေတွေကို လာပြီးတော့ အဲ့လိုစော်ကားရင် ဘယ်လိုမျိုးနဲ့ တုံ့ပြန်ကြမှာလဲ။ ယဉ်ယဉ်ကျေးကျေးနဲ့ တုံ့ပြန်ကြမှာလား။ ကျမကတော့ အရင့်သီးဆုံးနဲ့ အထိရောက်ဆုံး နစ်နာအောင် တုံ့ပြန်မယ်။ သူတောင် ကိုယ့်ကို နစ်နာအောင် လုပ်ထားသေးတာပဲ။ လုပ်မှာပဲ” လို့ ဝင်းမင်းသန်းက ပြောပါတယ်။

ဆက်လက်ပြီး “ကျမပြောချင်တာက ကျမကိုသာ လာစော်ကားရင် ကျမ လုပ်မယ် ဆိုတာကို ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတွေကို သိစေချင်တယ်။ ကိုယ့်ကို စော်ကားရင် ဘယ်လိုမျိုး တုံ့ပြန်ရလဲ။ ဘယ်လိုလုပ်ရလဲ ဆိုတာကို သိစေချင်တယ်။ ဒီအတွက်ကြောင့် ကျမကိုလည်း လာမစော်ကားနဲ့။ ကျမရှေ့မှာရှိတဲ့ မိန်းကလေးတွေကိုလည်း လာမစော်ကားနဲ့။ မိန်းကလေးတွေမှ မဟုတ်ဘူး။ ယောကျာ်းလေးတွေရောပဲ။ ကိုယ့်ရှေ့မှာ ဘယ်သူ့ကိုမှ မစော်ကားနဲ့။ တုံ့ပြန်ရမှာပဲ။ တုံ့ပြန်တာလည်း သဘာဝကျကျ တုံ့ပြန်တာပဲ” လို့ ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေဖန်မှုများနေတဲ့ ဖိနပ်ကြော်ငြာနဲ့ ပတ်သက်ပြီးတော့လည်း ဖန်တီးမှုကိုများစွာ ရှုတ်ချခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ထိပါးမှုမြောက်တယ်လို့လည်း ပြောခဲ့ပါတယ်။

“အနုပညာ ဖန်တီးတဲ့သူတွေက သူတို့ကိုယ်တိုင်ရော ဒါကို ဘယ်လောက်ကြီးထိ သိထားလဲ။ သူတို့ကိုယ်တိုင်ကိုက ဘယ်လောက် ပညာပါလဲဆိုတဲ့အပေါ်မှာ ဆိုင်တယ်။ တခါတလေကျရင် ဘာမဟုတ်တဲ့သူတွေ လုပ်ချင်တာကို လျှောက်လုပ်တာကို ထိုင်ကြည့်ရတဲ့ အခြေအနေမှာလည်း ရှိတတ်ပါတယ်။ ဖန်တီးတဲ့သူတွေက စေတနာ မေတ္တာနဲ့ ဖန်တီးမယ်”

“မိသားစု ဖျော်ဖြေမှုဆိုလည်း မိသားစုတွေကြည့်နိုင်အောင် ပီပီပြင်ပြင် ဖန်တီး၊ ညစ်ညမ်းတဲ့ ဖျော်ဖြေမှုဆိုလည်း ညစ်ညမ်းတဲ့ ဖျော်ဖြေမှုကို ကြိုက်တဲ့သူတွေအတွက် ပီပီပြင်ပြင် ဖန်တီးသင့်တယ်လို့ ထင်တာပဲ။ ပညာနဲ့လည်း ဆိုင်တယ်။ အရှက်နဲ့လည်း ဆိုင်တယ်။ မှားမှန်းသိတာကို ပြင်တတ်မှ ဒါဟာ မင်္ဂလာရှိတဲ့လူလို့ ပြောလို့ရတယ်။ အဲ့လိုလူတွေကိုတော့ မင်္ဂလာ မရှိတဲ့သူတွေလို့ သတ်မှတ်ပါတယ်” လို့ ပြောပါတယ်။

ဖျော်ဖြေရေးဆိုတဲ့ နေရာမှာ မိသားစုနဲ့ ကြည့်လို့ရတဲ့ ဖျော်ဖြေရေး၊ ကြည့်လို့ မရတဲ့ ဖျော်ဖြေရေးဆိုပြီး မြန်မာနိုင်ငံမှာ မကွဲပြားသေးဘူးလို့လည်း ဆိုပါတယ်။

“ကမ္ဘာ့ရုပ်ရှင် လောကမှာပဲဖြစ်ဖြစ်၊ မီဒီယာလောကမှာပဲဖြစ်ဖြစ်၊ စာပေပဲဖြစ်ဖြစ်၊ ဂီတပဲဖြစ်ဖြစ် သူ့ရဲ့အခန်းကဏ္ဍနဲ့သူ ရှိတယ်။ ညစ်ညမ်းတဲ့စာပေက ညစ်ညမ်းတဲ့စာပေ သက်သက် ရှိတယ်။ ၁၃ နှစ်အောက် မကြည့်ရတာတွေ၊ ၁၅ နှစ်အောက်၊ ၁၈ နှစ်အောက် မကြည့်ရဆိုပြီး သတ်မှတ်ထားတာတွေ ရှိတယ်။ ဒါမျိုးတွေ ရှိတယ်။ ကျမတို့ မြန်မာနိုင်ငံမှာက အဲ့လိုမျိုးခွဲခြားတဲ့ စနစ်လေး လိုနေတယ်လို့ ထင်တယ်”

“မိသားစုတွေ ကြည့်လို့ရတဲ့ ဖျော်ဖြေရေးနဲ့ ကြည့်လို့ မရတဲ့ ဖျော်ဖြေရေးဆိုပြီး မကွဲပြားဘူးဖြစ်နေတယ်။ ညစ်ညမ်းတဲ့ ဖျော်ဖြေရေးလည်း ကမ္ဘာပေါ်မှာ အားပေးနေတဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ မိသားစုနဲ့ ကြည့်လို့ရတဲ့ ဖျော်ဖြေရေး၊ ကြည့်လို့ မရတဲ့ ဖျော်ဖြေဆိုတာကို မြန်မာပြည်မှာ သဲသဲကွဲကွဲ မလုပ်ထားဘူး ထင်တယ်” လို့ ဝင်းမင်းသန်းက ပြောပါတယ်။

အဆိုပါ ဝေဖန်ခံရတဲ့ ကြော်ငြာ ဗီဒီယိုဖိုင်မှာတော့ ကြော်ငြာနဲ့ မသက်ဆိုင်ဘဲ အမျိုးသမီးငယ်တယောက်ကို လိင်ပိုင်းဆိုင်ရာ ထိပါးမှု မြောက်တဲ့ ပြကွက်များကို ထည့်သွင်း ရိုက်ပြထားတယ်ဆိုတဲ့ မှတ်ချက်များစွာ ရရှိခဲ့ပါတယ်။

ဝင်းမင်းသန်းကတော့ သူကိုယ်တိုင်လည်း အမျိုးသမီးများသာမက လူငယ်များအားလုံးအတွက် လိင်ပိုင်းဆိုင်ရာ ပညာပေးများကို တက္ကသိုလ်များ၊ ဟောပြောပွဲများမှာ လုပ်အားဒါန မေတ္တာနဲ့ အဖွဲ့အစည်းများအားလုံးကို ကူညီဖို့အတွက် အသင့်ရှိနေပြီး လူငယ်တွေ အားလုံးအတွက် လုံခြုံ၍ အဆင့်အတန်းမြင့်မားတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်ဖို့ တာဝန်သိစွာနဲ့ ကူညီသင့်တယ်ထင်တာကြောင့် အမြဲတမ်း ကူညီဖြစ်တယ်လို့ ဆိုပါတယ်။

You may also like these stories:

“ဝေဖန်မှုတွေကို တာဝန်အရ ခံယူသွားမယ်”လို့ လူရွှင်တော် ဧရာ ပြော

အသားအရေ လှအောင် ဆုတောင်းပေးတာကို ဝေဖန်ခံနေရတဲ့ ဝင်းမင်းသန်း

“အချစ်အပေါ် ခံယူချက်က အသက်တွေ၊ အချိန်တွေနဲ့ မဆိုင်ဘူး”လို့ ဝင်းမင်းသန်း ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading