၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက ပဲရစ်မြို့မှာ “Kenzo” ဆိုတဲ့ ဖက်ရှင် Brand ကို ထူထောင်ခဲ့တဲ့ ဂျပန်ဖက်ရှင်ဒီဇိုင်နာ Kenzo Takada ဟာ အောက်တိုဘာလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့အကြောင်း ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
အသက် ၈၁ နှစ်အရွယ် Takada ဟာ ပဲရစ်မြိုမှာရှိတဲ့ အမေရိကန် ဆေးရုံတရုံမှာ COVID-19 နဲ့ ဆက်စပ်တဲ့ ရောဂါတွေနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ ပြောခွင့်ရသူက ပြင်သစ်မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
ကီမိုနိုလိုမျိုး ဂျပန်ရိုးရားဝတ်စုံကို ကျောရိုးယူထားပြီး အရောင်အသွေးစုံတဲ့ အကျီဒီဇိုင်းတွေနဲ့ မူရင်းမပျက်တဲ့ အနက်ရောင် အသားပေး အဝတ်အထည်တွေနဲ့ နာမည်ကြီးလူသိများခဲ့တဲ့ Takada ဟာ ရေမွှေးနဲ့ အသားအရေ ထိန်းသိမ်းရေး ပစ္စည်းတွေဘက်ကို ခြေဦးလှည့်ခဲ့ပြီး သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကြီးထွားစေခဲ့ပါတယ်။
သူဟာ သူ့ရဲ့ နာမည်ကျော် Brand ကနေ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကစလို့ အနားယူခဲ့ပြီး သူ့ရဲ့ Brand ကိုလည်း ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံပစ္စည်းအုပ်စု LVMH ထံ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ Kenzo ပစ္စည်း Brand ကတော့ တခြားဖန်တီးမှုဆိုင်ရာ ဒါရိုက်တာ တော်တော်များများကို ခန့်အပ်ခဲ့ပါတယ်။
Takada ကတော့ ကမ္ဘာ့ဖက်ရှင်လောကနဲ့ နီးနီးကပ်ကပ်ရှိနေခဲ့ပြီး ပရိဘောဂပစ္စည်း အပါအဝင် တခြား ဒီဇိုင်းတွေဘက်ကို သွားခဲ့ပါသေးတယ်။ Instagram မှာ သူသေဆုံးပြီဖြစ်တဲ့အကြောင်း အတည်ပြုခဲ့ပြီးတဲ့နောက် Kenzo က သူ့အတွက် အထူးဝမ်းနည်းရကြောင်း ပြောဆိုခဲ့ပြီး ဘဝနဲ့ အကောင်းမြင်ဝါဒအတွက် ကွယ်လွန်သူ Takada ရဲ့ ခွန်အားတွေကို လေးစားအတုယူနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၆၀ ပြည့်လွန်နှစ်အလယ်ပိုင်းတုန်းက အချိန်ကြာမြင့်တဲ့ လှေစီးခရီးကနေတဆင့် ပြင်သစ်နိုင်ငံကို ရောက်လာခဲ့တဲ့ Takada ဟာ သူ့ရဲ့ ဒီဇိုင်းတွေမှာ ယဉ်ကျေးမှုအစုံ ရောနှောတဲ့ ပုံစံကို ပြသခဲ့ပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာက Takada ဟာ ကမ္ဘာပေါ်မှာ စိတ်ကူးဉာဏ်အရင့်သန်ဆုံး ဒီဇိုင်နာ တယောက်ဖြစ်တယ်လို့ ချီးကျူးခဲ့ဖူးပါတယ်။
အော်ပရာဝတ်စုံတွေအတွက် ဒီဇိုင်းရေးဆွဲခဲ့တဲ့ Takada ဟာ လူသိများထင်ရှားသူ မဖြစ်ခင် ပဲရစ်မြို့မှာ စတိုးဆိုင် အသေးလေးတခုနဲ့ စတင်ခဲ့ပါတယ်။ သူ့နဲ့ ခေတ်ပြိုင်တွေထဲမှာဆိုရင် Jean Paul Gaultier နဲ့ Yves Saint Laurent တို့ ပါဝင်ကြပါတယ်။
ပဲရစ်မြို့တော်ဝန် Anne Hidalgo က “ပဲရစ်ဟာ ဒီနေ့မှာ သူ့ရဲ့သားတယောက်အတွက် ဝမ်းနည်းပူဆွေးနေရပါတယ်” လို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။ Takada ဟာ အခုနှစ်အစောပိုင်းတုန်းကလည်း တခြားဒီဇိုင်နာတွေနဲ့ ပူးပေါင်းပြီး K3 လို့ခေါ်တဲ့ အိမ်တွင်းနဲ့ လူနေမှုဆိုင်ရာ Brand အသစ်တခုကို ထူထောင်ခဲ့ပါတယ်။
Ref: Reuters
You may also like these stories:
အမျိုးသမီးတွေကို စော်ကားလာရင် အရင့်သီးဆုံး တုံ့ပြန်တယ်လို့ ဝင်းမင်းသန်း ပြော
“မိခင် ဆုံးပါးတဲ့နေ့ဟာ မြင်းမိုရ်တောင်ကြီး ပြိုတဲ့နေ့ပါ”လို့ မို့မို့မြင့်အောင် ဆို
“အမေရိကန် ရုပ်ရှင်ရုံတွေရဲ့အနာဂတ် စိုးရိမ်နေရပြီ”လို့ အော်စကာဆုရ ဒါရိုက်တာတွေ ပြော