ကိုဗစ်ကာလအတွင်း တနေ့ထက်တနေ့တိုးတက်လာတဲ့ COVID-19 ရောဂါ Positive လူနာများကို ရှေ့တန်းကနေ ရင်ဆိုင်ကာ တိုက်ပွဲဝင် ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် နယ်ပယ်အသီးသီးမှာ အောင်မြင်လျက်ရှိတဲ့ အနုပညာရှင်များက ဂုဏ်ပြုစကား ပြောခဲ့ကြပါတယ်။
ဝေကြီး (တေးရေး၊ တေးဆို)
အခုအချိန် အရမ်းကို Positive လူနာများနေတဲ့အချိန်မှာ အခုထက်ထိကို အပင်ပန်းခံပြီး ဆေးကုပေးနေတဲ့ ဆရာဝန်၊ ဆရာမတွေ၊ ပြီးတော့ သူနာပြုတွေ၊ စေတနာ့ဝန်ထမ်းတွေ အကုန်လုံးကို ဒီနေရာကနေလေးစားတယ်လို့ ပြောချင်ပါတယ်။ အရှေ့မှာလည်း ကျနော့်ဘက်က တတ်နိုင်တဲ့ “ဆရာဝန် တယောက်အကြောင်း” ဆိုတဲ့ သီချင်းလေးရေးပြီး ဂုဏ်ပြုဖူးပါတယ်။ အခုလည်း ထပ်ပြီးတော့ ဂုဏ်ပြုပါတယ်။ တကယ်လည်း လေးလည်းလေးစားပါတယ်။ တကယ့်ကို သူရဲကောင်းတွေပါ ကျေးဇူးတင်ပါတယ်။
နီတာ (အဆိုတော်)
ဆရာဝန်၊ ဆရာမတွေက တကယ်တမ်းပြောရရင် သူတို့အသက်ကိုတောင် မနှမြောဘဲနဲ့ တကယ့် စာနာတဲ့စိတ်နဲ့ မေတ္တာကြီးပြီးတော့ တကယ်ကို လုပ်ပေးတာပါ။ ကိုယ်က ရောဂါဖြစ်နေတဲ့သူဆိုရင် သူတို့ကရောဂါ မဖြစ်ဘဲနဲ့ ကူးစက်နိုင်တာကို သိရက်နဲ့ ပြုစုစောင့်ရှောက်ပေးတာလေ။ အဲ့အပေါ်မှာတော့ တန်ဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်တွေလို့ သတ်မှတ်ပါတယ်။ လေးစားတယ်၊ ဂုဏ်ယူတယ်။ နိုင်ငံအတွက်လည်း တကယ် တန်ဖိုးကြီးမားတဲ့၊ တန်ဖိုးဖြတ်မရတဲ့ ရတနာတွေလို့ ပြောချင်ပါတယ်။
မြနှင်းရည်လွင် (သရုပ်ဆောင်)
တချို့ဆို လက်ခုပ်တွေ တီးပေးကြတယ်။ ဘယ်နှနာရီမှာ တီးပေးကြပါဆိုပြီး ရှိတယ်။ မြနှင်းဆို အရမ်းတီးတာ။ နေတဲ့လမ်းက အတွင်းဘက်ကျတော့ ကိုယ့်ကိုဘယ်သူမှ အဖက်မလုပ်ကြတော့ မတီးဖြစ်တော့ဘူး။ အခုဆိုရင် သက်စွန့်ဆံဖျားတွေ လုပ်တာ တွေ့နေရတယ်။ ဧရာဝတီဖောင်ဒေးရှင်းက ဆိုလည်း အရမ်းလုပ်ပေးတာတွေ့နေရတော့ အရမ်းဝမ်းသာတယ်။
ကိုယ်လည်း ထွက်လုပ်ချင်တယ်။ အိမ်မှာလည်း လူကြီးတွေရှိတော့ မစွန့်စားရဲဘူး။ ဒါပေမဲ့ အတွေးတော့ ရှိတယ်။ ငါတနေ့ ဘယ်လို ပြန်လှူမယ်ဆိုတဲ့ အတွေးရှိတယ်။ အခုသူများတွေ လှူတာကို ဝမ်းသာတယ်၊ သာဓု ခေါ်ပေးတယ်။
တကယ့်ကို ဆရာဝန်တွေ ၊ မီဒီယာသမားတွေဆိုလည်း တချို့အပြင်ထွက်နေရတာပဲ။ အပြင်က သတင်းရိုက်ပြီး တင်ဆက်နေရတဲ့သူတွေ အရမ်းလေးစားတယ်။ ဒီလိုအချိန်ကြီးမှာ ကိုယ်သာဆို မလုပ်နိုင်ဘူး။ သူတို့အတွက် တကယ့်ကို ဂုဏ်ယူတယ်။
ဝင်းမင်းသန်း (Beauty Blogger)
ရင်ထဲမှာ အမြဲတမ်းလည်း ကျေးဇူးတင်တယ်။ နေ့တိုင်းလည်း မေတ္တာပို့ပေးတယ်။ ဘေးမသီ ရန်မခအောင်လည်း မေတ္တာပို့ပေးနေတယ်။ တကယ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အဲ့တော့ သူတို့ကိုကျေးဇူးတင်တဲ့အတွက်ကြောင့် ကိုယ့်ဘက်ကလည်း လုပ်ပေးနိုင်တာဆိုလည်း အိမ်ထဲမှာပဲ နေပေးနိုင်တဲ့အတွက် အိမ်ထဲမှာပဲ နေနေပါတယ်။ စည်းကမ်းတကျနဲ့ နေနေပါတယ်ဆိုတာကို ပြောချင်ပါတယ်။ ကိုယ့်လိုပဲ ကျေးဇူးတင်တယ်ဆိုရင် မလိုလားအပ်ဘဲနဲ့ အပြင်တွေ မသွားဘဲ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုပါလို့ ဒီကနေ တိုက်တွန်းချင်ပါတယ်။
ခန့် (သရုပ်ဆောင်)
အခု အခြေအနေကတော့ အရမ်းအရေးကြီးတယ်။ စိုးရိမ်ရတဲ့ အခြေအနေ၊ အဲ့အတွက် အကုန်လုံးကိုလည်း စိတ်ပူတယ်။ ဖြစ်နိုင်ရင် အကုန်လုံးကို ဂရုစိုက်စေချင်တယ်။ ကိုယ်တိုင်ရော ကိုယ့်မိသားစုကိုရော ပတ်ဝန်းကျင်ကိုရော ဂရုစိုက်စေချင်တယ်။ အဓိကကတော့ ကျန်းမာရေးဝန်ထမ်းတွေပေါ့။ ရှေ့တန်းကနေ တိုက်စစ်တွေ ဆင်နေရတယ်။ အဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ အကုန်လုံး Fighting ပါလို့။
You may also like these stories:
အမျိုးသမီးတွေကို စော်ကားလာရင် အရင့်သီးဆုံး တုံ့ပြန်တယ်လို့ ဝင်းမင်းသန်း ပြော
နေအိမ်မှာပဲ ၁၄ ရက်နေကြဖို့ သရုပ်ဆောင် နိုင်းနိုင်း တိုက်တွန်း
ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင် COVID-19 ရောဂါကြောင့် ကွယ်လွန်