“အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် ခန့်ကတော့ မကြာခင် ထုတ်လွှင့် ပြသတော့မယ့် “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ အမရာဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
“မာယာလှည့်ကွက်မှာတော့ ခန့်က အမရာဆိုတဲ့ နေရာက သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ကာရိုက်တာက အေးဆေးတယ်။ တည်ငြိမ်တယ်။ ကြောက်တတ်တယ်။ စိုးရိမ်စိတ်လည်းကြီးတဲ့ ကောင်မလေးပေါ့။ နောက်ပြီး မုန်းကို အရမ်းချစ်တယ်။ ချစ်တတ်တဲ့ ကောင်မလေးပေါ့။ သူချစ်တဲ့သူ ပျော်ရွှင်ဖို့အလေးထားတယ်။ ပေးဆပ်တဲ့ အချစ်မျိုးလေးပေါ့” လို့ ခန့်က ဧရာဝတီကို ပြောပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာတော့ စီနီယာ သရုပ်ဆောင်များ၊ ဝါရင့်သရုပ်ဆောင်တွေများစွာ ပါဝင်တာကြောင့် သူတို့ဆီကနေလည်း အများကြီး သင်ယူခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
“ဒီကားထဲမှာ စီနီယာတွေလည်း အများကြီးပါတယ်။ အဲ့အတွက် စီနီယာတွေဆီက လေ့လာခွင့် အများကြီး ရခဲ့တယ်။ သူတို့ ဘယ်လို သရုပ်ဆောင်လဲ။ ဝါရင့်သရုပ်ဆောင်တွေက ဘယ်လိုမျိုး သရုပ်ဆောင်လဲ။ Mood ကို ဘယ်လိုမျိုး ချိန်းလိုက်လဲဆိုတာကို လေ့လာဖြစ်တယ်။ သင်ယူခွင့်တွေ အများကြီး ရခဲ့တယ်။ အဖွဲ့တခုလုံးကလည်း ညီကြတယ်။ အဲ့အတွက် အကုန်လုံးကြိုးစားထားတဲ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ခန့်က ပြောပါတယ်။
အဓိကအနေနဲ့ ပိုးကြာဖြူနဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့အတွက် နှစ်ယောက်သား တွဲဖက်မိအောင် ဘယ်လို သရုပ်ဆောင်ခဲ့လဲဆိုတာကိုလည်း အခုလို ပြောပါတယ်။
“ဒီထဲမှာတော့ မမပိုးနဲ့ ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေက များတယ်။ ပထမ ရိုက်ခါစကတော့ ရင်ခုန်တာနဲ့ စိုးရိမ်တာတော့ ရှိတာပေါ့။ သူနဲ့က အရင်က မဆုံဖူးဘူး။ ဒီကားမှာမှ ဆုံတာဆိုတော့ စစချင်း ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေကလည်း ချစ်တဲ့အခန်းလေးတွေ ရိုက်ရတာ ဆိုတော့ ရင်ခုန်တာပေါ့။ ပထမဆုံးမိန်းကလေးချင်း ချစ်ရတာတွေ ရိုက်ရတာဆိုတော့ ရင်ခုန်တာပေါ့။ သူက ချေတာလည်း မရှိဘူး။ ရိုက်ရတာ အဆင်ပြေပါတယ်”လို့ ပြောပါတယ်။
အရှေ့မှာ အားပေးမှုများစွာရခဲ့တဲ့ “အချစ်ဖွဲ့လေညင်း” ထဲက ရှေးရေစက် ကာရိုက်တာနဲ့ အခုလာမယ့် အမရာရဲ့ကာရိုက်တာ ကွာခြားတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
“ရှေးရေစက်နဲ့ အမရာကကျတော့ ရှေးရေစက်မှာ ပူပန်စရာတွေ အရမ်းများတယ်။ အချစ်ရေးကြားမှာပူလောင်တယ်။ ဖြေရှင်းရတဲ့ ပြဿနာတွေရော ဗျာများနေတဲ့ ကောင်မလေးပေါ့။ မာယာလှည့်ကွက်မှာကျတော့ မိန်းကလေး အချစ်ပေါ့။ မုန်းကို ချစ်တဲ့ အချစ်ပေါ့။ နည်းနည်းတော့ ကွာတာပေါ့” လို့ ခန့်က ပြောပါတယ်။
“မာယာလှည့်ကွက်” ဇာတ်လမ်းတွဲအတွက် ပြင်ဆင်ချိန် အများကြီး မရခဲ့ပေမယ့် ဇာတ်ညွှန်းကို သေချာဖတ်ပြီး အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
“အချစ်ဖွဲ့လေညင်းနဲ့ မာယာလှည့်ကွက်က သိပ်မကွာဘူး။ အချစ်ဖွဲ့လေညင်း ရိုက်လို့ မပြီးသေးဘူး။ မယာလှည့်ကွက်က ရိုက်နေပြီပေါ့။ အဲ့မှာ ခန့်ရဲ့နေရာကို ချန်ပြီးတော့ တခြားနေရာတွေကို အရင်ရိုက်ပေးတယ်။ ရက်ပိုင်းလောက်ပဲ ခြားတယ်။ ပြင်ဆင်ဖို့ ခန့်အတွက် အချိန် နည်းနည်းပဲ ရပေမယ့် သေချာ ပြင်ဆင်တယ်။ ဇာတ်ညွှန်းတွေကိုလည်း သေချာ ဖတ်တယ်။ ဒီကာရိုက်တာကိုလည်း သေချာလေး လေ့လာပြီး အကောင်းဆုံး ကြိုးစားထားပါတယ်” လို့ ခန့်က ပြောပါတယ်။
“မာယာလှည့်ကွက်” ဇာတ်လမ်းတွဲကိုတော့ ယနေ့၊ အောက်တိုဘာလ ၅ ရက်နေ့၊ ည ၇ နာရီမှာ MRTV-4 ရုပ်သံလိုင်းကနေ ပြသသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂုဏ်ပြုစကားဆိုကြတဲ့ အနုပညာရှင်များ
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ ရုပ်ပိုင်းဆိုင်ရာ ဝေဖန်ခံခဲ့ရတဲ့ မြတ်နိုးအေး
“တို့မမနဲ့တို့” ဇာတ်လမ်းတွဲမှာ ဇာတ်ဝင်သီချင်း ပါဝင်သီဆိုထားတဲ့ မြတ်သူသူ