မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှုများကြောင့် အပြင်မသွားဘဲ အိမ်ထဲမှာ နေနေရသူတွေအတွက် ကိုဗစ်နဲ့ ပတ်သက်တဲ့ သီချင်းသစ် တပုဒ် တေးရေး ဝေကြီးက ရေးစပ်ခဲ့ပါတယ်။ လတ်တလောမှာ ဒီသီချင်းကို လူကြိုက်များနေပြီး ရေးစပ်ဖြစ်တဲ့အကြောင်း အခုလိုပဲ ဆိုပါတယ်။
“ကိုဗစ် သီချင်းလေး ရေးဖြစ်တာကတော့ ၄ မိနစ်စာလောက် အားလုံးကို စိတ်အပန်းပြေစေချင်တဲ့ စိတ်တခုတည်းနဲ့ ရေးခဲ့တာပါ။ ကျနော်တို့တွေ အိမ်ထဲမှာပဲ နေရမယ်၊ အပြင်မထွက်ရဘူးလို့ တခါမှ မတွေးမိဘူးလေ။ အဲ့တော့ လူငယ်တွေ သွားချင်လာချင်တာတွေကို တွေးမိပြီး လူငယ်တယောက်ရဲ့ အတွေးတွေကို သီချင်းဖန်တီးဖြစ်တာပါ”လို့ ဝေကြီးက ပြောပါတယ်။
ဒီသီချင်းကို နားထောင်ပြီး ပရိသတ်တွေ စိတ်သက်သာရာ ရသွားတယ်ဆိုရင် ပျော်ပါတယ်လို့ ဝေကြီးက ဆိုပါတယ်။
“အဲ့သီချင်းလေးကို တင်လိုက်တယ်။ ဒီသီချင်းကို ပရိသတ် အားပေးမှုများစွာ ရတာထက် ကျနော့် ပရိသတ်တွေ စိတ်သက်သာရာ ရသွားတယ်ဆိုရင် ကျနော် ပျော်ပါတယ်။ ကျနော် ကြိုးစားရကျိုး နပ်တယ်။ ဒီအချိန်မှာ ဘယ်မှသွားလို့ မရတဲ့အတွက် အိမ်မှာပဲ တယောက်တည်း ဒီသီချင်းကို ဖန်တီးခဲ့ရတယ်”
“သီချင်းကို နေရာစုံမှာတော့ တင်ထားတယ်။ တေးချစ်သူ Page ကတော့ ကျနော် တင်ထားတဲ့ ပုံလေးတွေနဲ့ သီချင်းကို ပြန်တင်တော့ ပရိသတ်တွေက ပိုကြိုက်ကြတယ် ထင်ပါတယ်။ အဲ့လိုလေး လုပ်ပေးတဲ့ တေးချစ်သူ Page ကိုလည်း ကျေးဇူးတင်တယ်။ ကြည့်ပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ဝေကြီးက ဆိုပါတယ်။
တေးရေး ဝေကြီးကတော့ အခု Stay at home ကာလမှာလည်း အိမ်မှာပဲ သီချင်းတွေ ပုံမှန် ရေးဖြစ်နေပြီး သားနဲ့လည်း ဆော့ရင်း အချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ်။
“အခုချိန်မှာ Stay home ဆိုပေမယ့် ကျနော့် အလုပ်ကလည်း အရင်ကတည်းက ပွဲရှိရင် ဆိုရပြီး သီချင်းရေးရင် အိမ်မှာပဲ ဆိုတော့ အခု ကျနော် အလုပ်ကတော့ အိမ်မှာပဲ ပုံမှန် လည်ပတ်နေတယ်။ ကျနော့် သားနဲ့လည်း ဆော့လိုက်၊ တီဗီကြည့်လိုက်၊ သီချင်းတွေ ရေးလိုက်၊ စတူဒီခန်းထဲ နေလိုက်နဲ့ ဖြတ်သန်းနေပါတယ်”လို့ ဝေကြီးက ပြောပါတယ်။
ကိုဗစ် ဒုတိယလှိုင်းက ရောဂါ ကူးစက်မှု ပိုမိုများပြားတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာ နေထိုင်ပါလို့ ဝေကြီးက ဆိုပါတယ်။
“အခုချိန်မှာ စနစ်တကျနဲ့ နေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက မှာထားတယ်။ စားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်နေရသူတွေကလည်း စည်းကမ်းလေးတကျနဲ့ လိုက်နာကြပါ။ အဲ့ရောဂါကူးရင် ပိုးဆိုးမှာလေ။ စားဝတ်နေရေးအတွက်ရော၊ ဒီရောဂါအတွက်ရော ပိုဆိုးမယ့် အနေအထားဆိုတော့ မဖြစ်မနေ ထွက်ရရင် ဂရုစိုက်ကြပါ”
“ပထမကြိမ်ဖြစ်ပြီးတော့ ဒုတိယအကြိမ်မှာ ဒီလောက်ဖြစ်မယ် မထင်ဘူး။ အခုချိန်မှာတော့ အကောင်းဆုံး ပြန်ဖြစ်အောင် စည်းကမ်းတွေ လိုက်နာပြီး အိမ်မှာပဲနေကြဖို့ တောင်းဆိုချင်တယ်။ ကျနော်ကိုယ်တိုင်လည်း စည်းကမ်းလိုက်နာပြီး နေထိုင်နေပါတယ်”လို့ ဝေကြီးက ပြောပါတယ်။
You may also like these stories:
“မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ စီနီယာတွေဆီက သင်ယူခွင့်ရခဲ့တဲ့ ခန့်
ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂုဏ်ပြုစကားဆိုကြတဲ့ အနုပညာရှင်များ
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဝင်ငွေအများဆုံး မင်းသမီးအဖြစ် Sofia Vergara ထိပ်ဆုံးမှ ရပ်တည်