တချိန်က နာမည်ရခဲ့တဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ဧရာက COVID-19 ကြောင့် သေဆုံးသူတွေ၊ ကူးစက်ခံရသူတွေ များလာတာ စိတ်မကောင်းဘူးလို့ ဆိုပါတယ်။
“အခုက ရောဂါဖြစ်တဲ့သူတွေကလည်း များလာတယ်။ သေဆုံးသူကလည်း များလာတယ်။ အရမ်းဝမ်းနည်းတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ်။ ဒီချိန်မှာ ဘုရားတရား သေချာ လုပ်ကြပါ။ ကျနော်တို့ ဘုရား ၄ ကြိမ်လောက် ရှိခိုးနေတယ်။ တတ်နိုင်သလောက် သရဏဂုံကို သတိရတိုင်း ထုံနေအောင် ရွတ်ဖို့ အဘ ဆရာတွေက မှာကြတယ်”
“ကျနော်တို့ကလည်း လိုက်လုပ်ကြပါ။ အခုချိန်က ကပ်ဆေးတယ်လို့ ပြောလို့ ရတယ်။ ဆရာကြီးတွေ ပြောတဲ့ စကားအရ ပြင်းထန် ဆိုးဝါးဦးမယ်လို့ ပြောကြတော့ ဘုရားတရား ပိုလုပ်ကြပါ။ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့အတိုင်း စည်းကမ်းတိုင်းလည်း နေကြရင် အသက်ဘေးကနေ လွတ်မြောက်နိုင်မှာပေါ့”လို့ ဧရာက ပြောပါတယ်။
ကိုဗစ် ပိုးတွေ့လူနာများ တွေ့ရှိခဲ့အခါလည်း အစိုးရိမ်လွန်၊ အကြောက်လွန်နေကြတာတွေက မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
“ကူးစက်ခံရလို့ဆိုပြီး ဒီအိမ်က ကူးရင် အဲဒီအိမ်နား မသွားတာတွေ၊ ဆေးရုံကားကြီး ဝင်လာရင် ကြောက်လာသလို အဲ့ကားမှာပဲ ပိုးပါသလို ပိုးပါမှာစိုးပြီး ကြောက်နေကြတာ။ အဲ့ကားသွားပြီးရင်ကို အဲ့နေရာကနေတောင် မဖြတ်ရဲကြတာ တွေ့တယ်။ ကူးစက်ခံရတဲ့သူအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စေတာပေါ့။ ရောဂါပဲ ကူးစက်ခံရပြီလားတောင် အဖြေက မသိသေးဘူး”
“အားငယ်နေချိန်မှာ ပတ်ဝန်းကျင်က မသာလောင်း တလောင်း မြင်လိုက်ရသလိုပဲ ဖြစ်နေကြတာ။ အဲ့မှာ ဓာတ်ပုံတွေ ဝိုင်းရိုက် အဲ့တာမျိုးတော့ မဖြစ်သင့်ဘူး။ အခုတော့ တော်တော်လေး ဆင်ခြင်သွားကြပါပြီ။ အခုတော့ ကားတွေ ဝင်လာရင် လက်ခုပ်တီးကြပြီး အားပေးကြတယ်။ ဝိုင်းပြီး ကူညီပေးကြတာလည်း တွေ့ပါတယ်”လို့ ဧရာက ပြောပါတယ်။
အခုလို ကိုဗစ်ကပ်ရောဂါ ကာလမှာ မဲဆွဲစည်းရုံးမှုတွေလည်း ရှိနေတာကြောင့် ဒီအချိန်မှာ ပါတီရောင်တွေ ကွဲပြီး စိတ်ဝမ်းမကွဲကြဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
“ဒီလို ကပ်ကြီးစိုက်နေချိန်မှာ သွေးစည်းကြဖို့ လိုပါတယ်။ အခုလိုချိန်မှာပဲ မဲဆွယ်စည်းရုံးတာတွေကလည်း လာပြီဆိုတော့ ပါတီရောင်တွေ ကွဲပြီး စိတ်ဝမ်းတွေ မကွဲကြဖို့ လိုပါတယ်။ ပါတီနဲ့ ပတ်သက်လို့ပဲ စိတ်ထဲထားပါ။ ပါတီနဲ့ ပတ်သက်ပြီး ကွဲနေတဲ့ စိတ်ကို လူမှုရေးထဲ ယူမလာပါနဲ့”
“ကျနော့် တပည့်တွေလည်း ပြောထားတယ်။ အနုပညာလောကထဲ ပါတီစွဲတွေ ပါမလာနဲ့လို့ ပြောထားတယ်။ ကပ်ရောဂါကြီးဖြစ်နေချိန်မှာ စိတ်ဓာတ်ကိုလည်း ကြံ့ကြံ့ခံနိုင်ရမယ်။ စည်းကမ်းလည်း ထိန်းသိမ်းကြမယ်ဆိုရင် ဒီရောဂါကြီးကို ကျော်လွှားနိုင်မှာပါ”လို့ ဧရာက ပြောပါတယ်။
ဧရာကတော့ ဟာသပြက်လုံးတွေနဲ့ ရယ်မောစရာတွေ ဖန်တီးပေးတတ်တဲ့ လူရွှင်တော်တဦး ဖြစ်ပြီး ဟာသ သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ အနုပညာကို ဝါသနာ ပါလွန်းတာကြောင့် သရုပ်ဆောင် အလုပ်ကို ပြန်လုပ်နိုင်ဖို့ ကျန်းမာရေးကောင်းအောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။
You may also like these stories:
အိမ်မှာနေရတဲ့ လူငယ်တွေကိုယ်စား ခံစားပြီး သီချင်းရေးထားတဲ့ ဝေကြီး
“မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ စီနီယာတွေဆီက သင်ယူခွင့်ရခဲ့တဲ့ ခန့်
ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂုဏ်ပြုစကားဆိုကြတဲ့ အနုပညာရှင်များ