MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသတော့မယ့် “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ လက်ရှိ အသက်ထက် ၁၀ နှစ်ကျော် ကြီးတဲ့ ဇာတ်ရုပ်နဲ့ ပါဝင်ထားတယ်လို့ ပြောပါတယ်။
“မာယာလှည့်ကွက်ထဲမှာတော့ ဒေါ်ဟန်နီချိုပေါ့။ လက်ရှိ အသက်ထက် ၁၀ နှစ်၊ ၁၅ နှစ်လောက် ကြီးတဲ့ ပုံစံမျိုး သရုပ်ဆောင်ထားတယ်။ အဲ့အတွက် လူကြီးပုံစံမျိုး လုပ်ရတော့ အခက်အခဲတွေ ရှိတယ်။ ပိုးကြာဖြူခင်နဲ့ကလည်း ညီအစ်မတွေ ဖြစ်နေတော့ တခါတလေ ယောင်ပြီး ညီမတွေဘာတွေ ဆိုပြီး ထွက်မိတယ်။ ထိပ်တိုက်တွေ့တဲ့ အခန်းတွေကျရင် သူ့ကိုမုန်းတဲ့ မျက်စိနဲ့ မကြည့်နိုင်သလို သူကလည်း ကိုယ့်ကို မုန်းတဲ့ မျက်စိနဲ့ မကြည့်နိုင်ဘူး။ အဲ့လိုတွေ ရှိခဲ့တယ်” လို့ မြနှင်းရည်လွင်က ဧရာဝတီကို ပြောပါတယ်။
ဒီကာရိုက်တာအတွက် အဝတ်အစား အပြင်အဆင်၊ စိတ်ပိုင်းဆိုင်ရာများကို တော်တော်လေး ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။
“ဒီဇာတ်လမ်းကို စပြီးကမ်းလှမ်းကတည်းက ပြင်ဆင်ခဲ့ရတာတော့ ဒေါ်ဟန်နီချို၊ သူက အသက်ကတော့ လက်ရှိထက် ကြီးရမယ့်အရွယ် ဖြစ်တယ်။ အရှေ့မှာပါတဲ့ ကားတွေနဲ့ မတူတာ အရှေ့က လာသွားတဲ့ကားတွေမှာက အခုခေတ် ပုံစံတွေ ဝတ်တယ်။ ဒီထဲမှာက မြန်မာအင်္ကျီတွေနဲ့ လုံချည်နဲ့ပဲ ဆိုတော့ ပြင်ဆင်ရတာတွေ ရှိတယ်။ အရွယ် ၃ ရွယ်လည်း ပါတော့ ပြင်ဆင်ရတယ်” လို့ မြနှင်းရည်လွင်က ပြောပါတယ်။
ဆက်လက်ပြီး “နောက်ပြီး ဒေါ်ဟန်နီချိုရဲ့စိတ်ကြီးက ပရိသတ်က ပိုစတာ ကြည့်မယ်ဆိုရင် မြနှင်းကို ဗီလိန်ပဲပေါ့။ ဗီလိန်လို့ ပြောရင်ရပေမယ့် သူ့မှာ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းတဲ့ဇာတ်လမ်းတွေ ရှိတယ်။ နောက် သူ့ရဲ့လုပ်ရတဲ့ စိတ်ပိုင်းဆိုင်ရာတွေလည်း ပါတော့ တော်တော်လေးကိုပြင်ဆင်ခဲ့ရတယ်”လို့ ပြောပါတယ်။
“ငွေစက္ကူ ၇ ရွက်” ထဲက ကာရိုက်တာလို တသားတည်း မကျမှာကို စိတ်ပူပေမယ့် အကောင်းဆုံးကြိုးစားထားတယ်လို့ သိရပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2020/10/မြနှင်းရည်လွင်-2.jpg)
“ယုံကြည်မှုကတော့ ရှိတယ်။ စိတ်ပူတာကတော့ ဝေနှင်းဖြူတုန်းကဆိုရင် တထပ်တည်း မကျမှာကိုစိတ်ပူနေပေမယ့် ပရိသတ်ရဲ့ရင်ထဲမှာ တကယ့်အစစ်ကြီး ထင်ရအောင် ဖြစ်ခဲ့တယ်။ ဒီမှာလည်း အဲ့လိုဖြစ်ချင်တယ်။ အရမ်းလည်း ကြိုးစားထားတယ်”
“နောက်ပိုင်းမှာဆိုရင် မိတ်ကပ် မသုံးထားဘူး။ တကယ့်အစစ်နဲ့ပဲ လုပ်ထားတာရှိတယ်ဆိုတော့ ပရိသတ်အတွက် တော်တော်လေးကို အားစိုက်ထားတယ်။ ကိုယ်က ၁၀၀ ရာခိုင်နှုန်း ကြိုးစားထားပေမယ့် ပရိသတ်ရင်ထဲ ရောက်ပါ့မလားဆိုပြီး စိတ်ပူတာပေါ့” လို့ မြနှင်းရည်လွင်က ပြောပါတယ်။
အခုလို Stay at home ကာလမှာ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲကို ကြည့်ပြီး Personal Attack မလုပ်ဘဲ သရုပ်ဆောင်အပိုင်းကိုကြည့်၍ ဝေဖန်အကြံပြုပေးဖို့လည်း ပြောထားပါတယ်။
“Personal Attack တော့ မဟုတ်ဘူးပေါ့။ နှုတ်ခမ်းကြီးက ဘာဖြစ်တယ်တို့၊ မျက်နှာကြီးက ဘယ်လိုတို့တော့ မဟုတ်ဘူးပေါ့။ သရုပ်ဆောင်တဲ့အပေါ်မှာ ဘာတွေ လိုအပ်လဲ ဘာတွေဖြစ်စေချင်လဲ ဆိုတာပေါ့။ ကိုယ့်ဘက်ကတော့ အင်တိုက်အားတိုက် ကြိုးစားထားတယ်။ ယုံယုံကြည်ကြည်နဲ့ အားပေးစေချင်တယ်။ ကြိုက်မယ်လို့လည်း ယုံကြည်တယ်” လို့ မြနှင်းရည်လွင်က ပြောပါတယ်။
မြနှင်းရည်လွင်ကိုတော့ MRTV 4 မှာ ပြသခဲ့တဲ့ “ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲထဲမှ “ဝေနှင်းဖြူ” ကာရိုက်တာနဲ့ ပရိသတ်များက သဘောကျနှစ်သက်ခဲ့ကြပြီး ကိုယ်တိုင်လည်း သရုပ်ဆောင်ပိုင်းမှာ ကျရာနေရာက ကြိုးစားသရုပ်ဆောင်လျက် ရှိပါတယ်။
You may also like these stories:
“ဈေးရောင်းနေတော့ ထမင်းစားဖို့ ဇာတ်ကား မရိုက်ရတော့ဘူး”လို့ နေဆန်း ပြော
“ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲမှာ အဝတ်အစား ၂ လလောက် မလျှော်ဘဲ ဝတ်ခဲ့ရတဲ့ ဟိန်းထက်
“ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲ ဖန်တီးသူ ဒါရိုက်တာ သည်ခေတ်နေနှင့် တွေ့ဆုံခြင်း