COVID-19 ကပ်ရောဂါကြောင့် ရုပ်ရှင်လုပ်ငန်းတခုလုံး လုပ်ငန်းတွေ ပြန်စနိုင်ဖို့ ရုန်းကန်နေရတဲ့ အချိန်မှာပဲ “No Time To Die” ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ် ရုံတင်မယ့်ရက်ကို လာမယ့်နှစ်အထိ ရွှေ့ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အခုလိုမျိုး ဂျိမ်းစ်ဘွန်း ရုပ်ရှင်အသစ်ကို ရက်ရွှေ့ဆိုင်းလိုက်ရမှုကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဖြန့်ချိဖို့ရှိတဲ့ နာမည်ကျော် ရုပ်ရှင်စာရင်းမှာ ခရစ်စမတ်နေ့ကျရင် ရုံတင်ဖို့ရှိတဲ့ “Wonder Woman 1984” ရုပ်ရှင်တကားတည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
Marvel ရဲ့ “Black Widow” နဲ့ “Top Gun” နောက်ဆက်တွဲ ရုပ်ရှင်တို့လို ဘတ်ဂျက်များတဲ့ ဇာတ်လမ်းတွေဟာလည်း လာမယ့်နှစ်အထိ ရက်ရွှေ့ဆိုင်းထားပြီး ဖြစ်ပါတယ်။
MGM နဲ့ Universal Pictures တို့ရဲ့ “No Time to Die” ရုပ်ရှင်ကို မူလက အခုနှစ် ဧပြီလမှာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် နိုဝင်ဘာလအထိ ရက်ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ အခု ရုံတင်ပြသမယ့် ရက်အသစ်ကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ဖြစ်ပါတယ်။ “Fast & Furious” နောက်ဆက်တွဲရုပ်ရှင်ကိုလည်း မေလ ၂၈ ရက်နေ့အထိ ရက်ရွှေ့ဆိုင်းထားခဲ့ပြီး ဖြစ်ပါတယ်။
အဲ့ဒီ ရုပ်ရှင်စတူဒီယိုတွေနဲ့ ထုတ်လုပ်သူတွေ ဖြစ်ကြတဲ့ Michael G. Wilson နဲ့ Barbara Broccoli တို့ကတော့ အဲ့ဒီဂျိမ်းစ်ဘွန်းရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဂျိမ်းစ်ဘွန်း Twitter အကောင့်မှာ သူတို့က “အခုလိုမျိုး ရွှေ့ဆိုင်းရမှုဟာ ပရိသတ်တွေကို စိတ်ပျက်စေလိမ့်မယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ လာမယ့်နှစ်မှာ No Time To Die ကို မျှဝေပေးနိုင်ဖို့ အခုမျှော်လင့်ထားပါတယ်” လို့ ဆိုပါတယ်။
ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လကစလို့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေကို ပိတ်လိုက်ရခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံသားတွေကို ရုပ်ရှင်ရုံတွေဆီ ပြန်ခေါ်နိုင်မယ့် အခွင့်အရေးတခုကို ဆုံးရှုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။ AMC Entertainment နဲ့ Cineworld Plc တို့ကတော့ နေရာတော်တော်များများမှာ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်လိုက်ပြီဖြစ်ပေမယ့် နယူးယောက်နဲ့ လော့စ်အင်ဂျလိစ်လိုမျိုး အဓိကဈေးကွက်နေရာတွေမှာ ရုံတွေကို ပိတ်ထားရဆဲဖြစ်ပါတယ်။
Comscore ရဲ့ အကြီးတန်းမီဒီယာအကဲခတ် Paul Dergarabedian က “အရမ်းစိန်ခေါ်မှုရှိတဲ့ ဈေးကွက် နေရာတွေမှာ စတူဒီယိုတွေဟာ ဆက်လက် ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အခုလိုမျိုး ဂျိမ်းစ်ဘွန်းရုပ်ရှင်ရွှေ့ဆိုင်းခဲ့ရမှုကိုကြည့်မယ်ဆိုရင် ရုပ်ရှင်ရုံတွေသာလျှင် ရုပ်ရှင်အတွက် ပိုမိုကောင်းမွန်တဲ့ ဘူမိနက်သန် နေရာဖြစ်နေဆဲပဲဆိုတာကို ယုံကြည်ထားတာကို မြင်တွေ့ရတယ်လို့ သူက ဆိုပါတယ်။ တချို့ရုပ်ရှင်တွေကတော့ ရုံတင်ပြသတာမျိုး မလုပ်တော့ဘဲ Streaming ဝန်ဆောင်မှုတွေကတဆင့်သာ ပြသဖို့ လုပ်ဆောင်လာကြပါတယ်။
ဂျိမ်းစ်ဘွန်းရုပ်ရှင်စီးရီးဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး ရုပ်ရှင်စီးရီးတခုလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Spectre” ရုပ်ရှင်ဆိုရင် ဝင်ငွေ ဒေါ်လာ သန်း ၈၈၀ ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ရဲ့ “Skyfall” ရုပ်ရှင်ကတော့ ဝင်ငွေဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ရှိခဲ့တဲ့ “No Time to Die” ရုပ်ရှင်မှာတော့ 007 အေးဂျင့်အဖြစ် မင်းသား Daniel Craig ရဲ့ နောက်ဆုံး သရုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
“No Time To Die” ဟာ Daniel Craig ရဲ့နောက်ဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်ဟု ဆို
“Black Widow” ရုပ်ရှင် ရုံတင်မယ့်ရက်ကို Disney နောက်ဆုတ်