ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။ ကပ်ရောဂါကြီးကြောင့် ၆ လကျော်ကြာ ပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံတွေကို အောက်တိုဘာ ၁၅ ရက်က စလို့ ပြန်ဖွင့်တော့မှာပါ။
လူစုလူဝေး မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ရုပ်ရှင်ရုံရဲ့ ၅၀ ရာခိုင်နှုန်းကိုပဲ လူပေးဝင်မှာဖြစ်သလို၊ ပြသချိန်တွေကိုလည်း လျှော့သွားမှာ ဖြစ်ပါတယ်။ ရုံထဲမှာ အစိုးရက ထုတ်ပြန်ထားတဲ့ ကျန်းမာရေး စည်းမျဉ်းတွေနဲ့အညီ ပြင်ဆင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းအချက်အလက်နဲ့ ရုပ်သံထုတ်လွှင့်မှု ဝန်ကြီးဌာနက ဆိုပါတယ်။
ရုပ်ရှင်လာကြည့်သူတွေဟာ သတ်မှတ်ထားတဲ့ ခုံနေရာမှာပဲ ထိုင်ရမှာဖြစ်ပြီး ရုပ်ရှင် မပြသမီ အားလပ်ချိန်မှာလည်း နေရာရွေ့ပြောင်း သွားလာနေတာမျိုးကို တားမြစ်ထားပါတယ်။ ဒါ့အပြင် ရုပ်ရှင်လက်မှတ် ရောင်းချတဲ့နေရာမှာ လူစုလူမဝေး မဖြစ်အောင် ကောင်တာတွေကိုလည်း တိုးချဲ့ထားဖို့ ညွှန်ကြားထားပါတယ်။
ရုပ်ရှင်လက်မှတ်အတွက် လက်မှတ်ကောင်တာ တခုတည်းမှာပဲ လူပြည့်နေတာမျိုး မဖြစ်ရအောင် လက်မှတ်တွေကို ဒစ်ဂျစ်တယ်နည်းပညာသုံး ဝယ်ယူနိုင်မယ့်စနစ်နဲ့ ကြိုတင် ဘိုကင်တင်နိုင်မယ့် စနစ်တွေကို အသုံးပြုကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ လက်မှတ်ကောင်တာရှေ့မှာ Social distancing အရ တယောက်နဲ့ တယောက် ခပ်ခွာခွာနေပြီး ရပ်ရမယ့် အမှတ်အသားတွေကိုလည်း ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။
လာရောက်မယ့်သူတွေအတွက် လက်သန့်စင်ဖို့ လက်သန့်ဆေးရည်တွေ ထားရှိပေးထားသလို၊ ဝင်ပေါက်မှာလည်း ကိုယ်အပူချိန်တိုင်းစက် ကိရိယာနဲ့ တိုင်းတာနေမှာ ဖြစ်ပါတယ်။ တယောက်ချင်းစီရဲ့ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်နိုင်ဖို့အတွက် ရုပ်ရှင်ကြည့် ပရိသတ်တွေဟာ Aarogya Setu App ကို သွင်းထားရမယ်လို့ အကြံပြုထားပါတယ်။
အစားအသောက်နဲ့ ဖျော်ရည် ရောင်းချပေးမယ့် ကောင်တာတွေ ဖွင့်လှစ်ပေးထားပြီး ရုပ်ရှင် မကြည့်ခင် တခါတည်း ဝယ်ယူသွားရမှာဖြစ်ပြီး ရုံထဲကို ပို့ဆောင်ခိုင်းတာမျိုး ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ရုံအတွင်းမှာလည်း လေအေးပေးစက်ကို ၂၄ ဒီဂရီ စင်တီဂရိတ်ကနေ ၃၀ ဒီဂရီ စင်တီဂရိတ်ကြား ထားရှိရမှာဖြစ်ပါတယ်။
ရုပ်ရှင် မပြသခင်မှာ ကျန်းမာရေးအတွက် လူတိုင်းလိုက်နာရမယ့် နှာခေါင်းစည်း Mask တပ်ဖို့နဲ့ Social distancing အရ နေထိုင်ဖို့ သတိပေးပြောကြားသွားမှာ ဖြစ်သလို၊ ရုပ်ရှင်မကြည့်ခင်နဲ့ ကြည့်ရှုအပြီးမှာ လက် သန့်စင်ဖို့အတွက်လည်း နှိုးဆော်ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ခံလူနာ ၆ ဒသမ ၆ သန်းကျော် ရှိနေပြီး ဒီထဲကမှ လူနာ ၉,၀၀၀ နီးပါးဟာ အရေးပေါ်အခြေအနေ ကုသမှု ခံယူနေရပါတယ်။ သေဆုံးလူနာကတော့ ၁ သိန်း ကျော်သွားပါပြီ။
Ref: Hindustan Times
You may also like these stories:
အိန္ဒိယမှာ ၁ ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော် COVID-19 ကူးစက်
ဘောလိဝုဒ် ရုပ်ရှင်အသစ်တွေကို Amazon Prime ကနေ ပြသမည်
အိန္ဒိယမှာ ကိုဗစ် ကူးစက်သူ အရေအတွက် ပိုများလာ