COVID-19 ကို မကြောက်ကြဖို့ လူထုကို ပြောကြားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်ကို Mandy Moore နဲ့ Chris Evans တို့အပါအဝင် နာမည်ကျော် ဟောလိဝုဒ် အနုပညာရှင် တော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။
သမ္မတထရမ့်ဟာ ဆေးရုံမှာ COVID-19 ကုသမှုတွေကို ၃ ရက်ကြာ ခံယူခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၆ ရက်နေ့ အစောပိုင်းမှာ အိမ်ဖြူတော်ကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ အခြေအနေကောင်းကြောင်း ပြောဆိုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ရတဲ့ အဲ့ဒီရောဂါကို မကြောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
သမ္မတ ထရမ့်က “COVID-19 ကို မကြောက်ကြပါနဲ့။ ခင်ဗျားတို့ရဲ့ ဘဝကို မလွှမ်းမိုးပါစေနဲ့။ ကျနော်တို့ဟာ ထရမ့်အစိုးရ လက်အောက်မှာ ဆေးဝါးကောင်းကောင်းတချို့ကို ထုတ်လုပ်နေပါပြီ။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကထက် ငါ အခြေအနေ ပိုကောင်းပါတယ်” လို့ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး Twitter မှာ ရေးတင်ခဲ့ပြီးတဲ့နောက် မင်းသမီး Moore က သမ္မတ ထရမ့်ဟာ အရက်စက်ဆုံးဖြစ်ကြောင်း ဖော်ပြခဲ့ပြီး မကြာမီ လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူကို ဖြုတ်ချဖို့ ပရိသတ်တွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။
မင်းသမီး Moore က “COVID-19 ကို မကြောက်ကြနဲ့တဲ့လေ။ သူတို့ ချစ်ရတဲ့သူတွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစု ၂ သိန်း ၁ သောင်းကို အဲ့ဒါသွားပြောလိုက်။ အချိုးအစားမညီ ကူးစက်ခံခဲ့ရတဲ့ လူမည်း၊ လူညို၊ အင်ဒီယန်းမျိုးနွယ်တွေကို သွားပြောလိုက်။ လူ ၁၀ သန်းလောက် အလုပ်လက်မဲ့ ဖြစ်တယ်။ စီးပွားရေးက တန့်နေတယ်။ ကျမတို့ တော်တော်များများ လပေါင်းများစွာ သီးခြား ခွဲနေရတယ်။ ရှင်ဟာ အရက်စက်ဆုံးပဲ” လို့ ရေးသားခဲ့ပါတယ်။
Captain America မင်းသား Evans ကလည်း သမ္မတရဲ့ မှတ်ချက်ကို ဝေဖန်ခဲ့ပြီး ရောဂါကုသဖို့ ကူညီနေတဲ့ ဆေးဝါးတွေ တန်းတူညီမျှမှု မရှိဘဲ ရရှိနေတာကို အလေးပေး ပြောဆိုခဲ့ပါတယ်။
မင်းသားက “COVID-19 ကို မကြောက်ကြပါနဲ့တဲ့။ ခင်ဗျားက အကောင်းဆုံးဆေးဝါးတွေကို သုံးပြီး ကောင်းဆုံးဆရာဝန်တွေရဲ့ နေ့ညမပျက် စောင့်ရှောက်မှုကို ရခဲ့တယ်။ လူတိုင်းက အဲ့ဒီလို ရနေပြီလို့ ခင်ဗျား တကယ်ထင်နေတာလား။ ခင်ဗျားက မတူကွဲပြားမှုကို သိလိမ့်မယ်လို့တော့ ကျနော်ထင်တယ်။ ဒါပေမဲ့ ခင်ဗျားက ဂရုမစိုက်ဘူး။ ဒါဟာ ခင်ဗျားအတွက်တော့ တော်တော်လေးကို စိုးရိမ်ဖို့ကောင်းတဲ့အခြေအနေပဲ” လို့ ရေးသားခဲ့ပါတယ်။
အဆိုတော်၊ မင်းသမီး Barba Streisand က သမ္မတထရမ့်ရဲ့ မှတ်ချက်ဟာ ပေါက်လွှတ်ပဲစားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူက “အမေရိကန် ၂ သိန်း ၁ သောင်းလောက် အသက်တွေ ဆုံရှုံးခဲ့ရတယ်။ ကလေးတွေက သူတို့ရဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရတယ်။ မိခင်တွေ၊ ဖခင်တွေ သေဆုံးကုန်တယ်။ ဒီလိုမျိုး ရူးမိုက်တဲ့အရာမျိုး ရှင်မို့လို့ ပြောထွက်တယ်” လို့ ဆိုပါတယ်။
သမ္မတထရမ့်က သူနဲ့ ဇနီးသည် Melania တို့ဟာ အောက်တိုဘာလ ၂ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနေ့တရက်တည်းမှာပဲ ဆေးရုံတက်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
သမ္မတဟာ အိမ်ဖြူတော်ကို ပြန်လာခဲ့ပေမယ့် လက်ရှိမှာတော့ Remdesivir ဆေးကို ၅ ရက် ထိုးနှံနေရတယ်လို့ ဆိုပြီး ကာလတခုအထိ သူ့ကို သီးခြားခွဲထားမယ်လို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၇ ဒသမ ၄ သန်းကျော်ရှိပြီး လူပေါင်း ၂ သိန်း ၁ သောင်းကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
Ref: thejakartapost