၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက နာမည်အကျော်ကြားဆုံး ရော့ခ်တီးဝိုင်းဖြစ်ခဲ့တဲ့ Van Halen မှ ဂစ်တာသမား Eddie Van Halen ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်ရှိနေပါပြီ။
တီးဝိုင်းကို ၂၀၀၇ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့အချိန်ကစလို့ ဘေ့စ် ဂစ်တာသမားဖြစ်ခဲ့တဲ့ သားဖြစ်သူ Wolfgang ဟာ သူ့ရဲ့ ဖခင်ကွယ်လွန်တဲ့သတင်းကို Twitter မှာ အောက်တိုဘာလ ၆ ရက်နေ့တုန်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Wolfgang က “ဒီစာကိုရေးနေရလိမ့်မယ်လို့ ကျနော် မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော့်ရဲ့ အဖေ Edward Lodewijk Van Halen ကို ဒီမနက်မှာပဲ ကြာရှည်ပြင်းထန်တဲ့ ကင်ဆာရောဂါကြောင့် ဆုံးရှုံးလိုက်ရပါပြီ။ သူဟာ ကျနော် ဖြစ်ဖို့ ဆုတောင်းခဲ့ဖူးတဲ့ အကောင်းဆုံးဖခင် ဖြစ်ပါတယ်။ စင်ပေါ်နဲ့ စင်ပြင်ပမှာ ကျနော်သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အခိုက်အတန့်တိုင်းဟာ လက်ဆောင်တခု ဖြစ်ပါတယ်။ ကျနော့်နှလုံးသားတွေ ကွဲကြေနေပါတယ်။ ဒီဆုံးရှုံးမှုကနေ ကျနော့် အပြည့်အဝ ပြန်နာလန်ထူလာလိမ့်မယ်လို့ မထင်ပါဘူး” လို့ ဆိုပါတယ်။
အမ်စတာဒမ်မြို့မှာ ၁၉၅၅ ခုနှစ်တုန်းက မွေးဖွားခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena မြို့မှာ ကြီးပြင်းခဲ့တဲ့ Van Halen ဟာ သူ့ရဲ့ အစ်ကိုဖြစ်သူ Alex ၊ ဘေ့စ်ဂီတာသမား Michael Anthony ၊ အဆိုတော် David Lee Roth တို့နဲ့ Pasadena City ကောလိပ်မှာ အတူတူ တွေ့ဆုံခဲ့တဲ့နောက် အဖွဲ့ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
သူတို့တီးဝိုင်းဟာ West Hollywood မှာရှိတဲ့ ကလပ်တွေမှာ တီးခတ်ခဲ့ပြီးတော့ ကော်ပီချပ်ရေ ၁၀ သန်းကျော် ရောင်းချခဲ့ရတဲ့ ပွဲဦးထွက် အယ်လ်ဘမ်နဲ့ ၁၉၇၈ ခုနှစ်မှာ ရော့ခ်ဂီတ လောကထဲမှာ နာမည်ရရှိလာခဲ့ပါတယ်။
သမိုင်းတလျှောက်လုံးမှာ ရောင်အားအကောင်းဆုံး အနုပညာရှင် ၂၀ ထဲမှာ ပါဝင်တဲ့သူတို့ အဖွဲ့ဟာ ၅ နှစ်ဆက်တိုက် ပလက်တီနမ်အဆင့် အယ်လ်ဘမ်တွေကို ဖြန့်ချိခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ကတော့ သူတို့အတွက် အကျော်ကြားဆုံး အယ်လ်ဘမ်လို့ ဆိုရမှာပါ။
အဲ့ဒီအယ်လ်ဘမ်ထဲမှာ “Jump”, “Panama” နဲ့ “Hot for Teacher” သီချင်းတွေ ပါဝင်ပါတယ်။ တီးဝိုင်းကနေ ခွဲထွက်ခဲ့တဲ့ Eddie Van Halen ဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ “Beat It” သီချင်းမှာ တကိုယ်တော် ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပါတယ်။
ဂီတတူရိယာပစ္စည်း တော်တော်များများကို တီးခတ်နိုင်ခဲ့တဲ့ Van Halen ဟာ တီးဝိုင်းသက်တမ်း ဆယ်စုနှစ်တွေ ကျော်လာခဲ့ပြီးတဲ့ အချိန်တလျှောက်လုံးမှာ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ စင်ပေါ်မှာ အရိုးအဆစ် နာကျင်မှုတွေ ပိုမိုဆိုးရွားလာမှုနဲ့အတူ ၁၉၉၉ ခုနှစ်မှာလည်း တင်ပါးအသားထိုးကုသမှုကို လုပ်ဆောင်ခဲ့ရပြီး ၂၀၀၀ ပြည့်နှစ်မှာလည်း ကင်ဆာကြောင့် လျှာကိုလည်း တစိတ်တပိုင်း ဖယ်ရှားခံခဲ့ရပါတယ်။
မူးယစ်ဆေးစွဲတဲ့ ပြဿနာတွေနဲ့ အရက်စွဲခြင်းကြောင့် ၂၀၀၇ ခုနှစ်မှာ ဇနီးဖြစ်သူ ရုပ်သံစတား Valerie Bertinelli နဲ့ ကွာရှင်းခဲ့ရပါတယ်။ အဲ့ဒီနောက် သားဖြစ်သူ Wolfgang ၁၆ နှစ်အရွယ်မှာ Van Halen တီးဝိုင်းနဲ့ ပြန်လည် ပေါင်းစည်းခဲ့ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ တီးဝိုင်း လူထုဆက်ဆံရေးအရာရှိဟောင်း ဒုတိယဇနီးသည် Janie Liszewski နဲ့ သား Wolfgang တို့ ကျန်ရစ်ပါတယ်။
Ref: theguardian
You may also like these stories:
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဝင်ငွေအများဆုံး မင်းသမီးအဖြစ် Sofia Vergara ထိပ်ဆုံးမှ ရပ်တည်
“No Time To Die” ရုံတင်မယ့်ရက်ကို လာမယ့်နှစ် ဧပြီလအထိ ရွှေ့ဆိုင်း
“Jurassic World” နဲ့ “The Batman” ရုပ်ရှင် ပြသမယ့်ရက် နောက်ဆုတ်