သရုပ်ဆောင် မိုးအောင်ရင်ကတော့ ကိုဗစ် ဒုတိယလှိုင်းအတွင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသုပ်စုံများ ကိုယ်တိုင် လုပ်ကာ “Moe’s Favorite” ဆိုတဲ့ နာမည်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
“ဒီ ကိုဗစ်ကာလ အစမှာတော့ ကျနော် အသုပ်စုံ စားချင်စိတ်တွေ တော်တော်လေး ဖြစ်လာခဲ့မိတယ်။ ဒါကြောင့် အချိန်ပိုလေးတွေ အများကြီးရှိလာတဲ့ Stay at home အချိန်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသုပ်စုံတပွဲ ဖန်တီးဖို့ စိတ်ကူးမိလာခဲ့ပါတယ်” လို့ မိုးအောင်ရင်က ပြောပါတယ်။
ဒီအသုပ်စုံကိုတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် သင့်တော်တဲ့ ပစ္စည်းများ သုံးကာ သုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
“အခု ကျနော်ချစ်တဲ့ ပရိသတ်ကို မိတ်ဆက်ပေးချင်တဲ့ ကျနော်ကိုယ်တိုင် ဖန်တီးထားတဲ့ အသုပ်စုံလေးကတော့ ဝဥခေါက်ဆွဲ၊ ဝဥကြာဆံ၊ ဆန်လုံးညို စတဲ့ ခန္ဓာကိုယ် အလေးချိန် ထိမ်းသိမ်းလိုသူတွေအတွက် အထူးသင့်တော်တဲ့ ပစ္စည်းတွေကို သုံးထားတာပါ။ ဆီချက်ကိုလည်း သံလွင်ဆီနဲ့ ချက်ပါတယ်။ သကြား၊ အချိုမှုန့် လုံးဝ မသုံးပါ” လို့ မိုးအောင်ရင်က ပြောပါတယ်။
အခုလို လှုပ်ရှားမှု နည်းတဲ့အချိန်မှာ အဆီအဆိမ့်များစားရင် ဝိတ်တက်မှာဖြစ်ပြီး Body Building စလုပ်တဲ့ အချိန်ကတည်းကလည်း မြန်မာ အစားအစာတွေနဲ့ ဝေးခဲ့ရတယ်လို့ ဆိုပါတယ်။
“အသုပ်စုံလို့ ပြောလိုက်ရင် ကျနော်တို့ မြန်မာလူမျိုးတွေ မကြိုက်တဲ့သူ မရှိသလောက်ပါပဲ။ ကျနော်လည်း အရမ်းကြိုက်တဲ့ ရိုးရာအစားအသောက် တခုပါ။ Body Building စလုပ်တဲ့ အချိန်ကစပြီး ကျနော်အကြိုက်ဆုံး မြန်မာအစားအစာတွေနဲ့ ဝေးခဲ့ရပါတယ်။ အထူးသဖြင့် အခုလို လှုပ်ရှားမှုနည်းတဲ့ အချိန်မှာ အဆီအဆိမ့်တွေ အစားများရင် ဝိတ်တက်ဖို့က သေချာသလောက်ပဲလေ” လို့ မိုးအောင်ရင်က ပြောပါတယ်။
ဆက်လက်ပြီး “ကျနော်ကိုယ်တိုင် အကြိမ်ကြိမ် စမ်းသပ် စားသောက်ကြည့်ပြီးဖြစ်တဲ့၊ ဝမှာ လုံးဝ ပူစရာ မလိုတဲ့၊ ဆီးချိုသမားတွေပါ စားလို့ရတဲ့ ကျနော်ရဲ့ Moe’s Favorite အသုပ်စုံလေးကို မြည်းကြည့်ကြပါလား။ လျှာလည်သွားမယ်။ တကယ်ပြောတာ ခုပဲမှာစားကြည့်လိုက်တော့” လို့ မိုးအောင်ရင်က ပြောပါတယ်။
မိုးအောင်ရင်ရဲ့ အသုပ်စုံကိုတော့ တပွဲ ၃၀၀၀ ကျပ်နဲ့ ရောင်းချကာ အပတ်စဉ် စနေနေ့ နဲ့ အင်္ဂါနေ့များမှာ ရရှိနိုင်မှာဖြစ်ပြီး တရက်ကြိုတင် မှာယူရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
You may also like these stories:
“ဈေးရောင်းတာ ခန္ဓီပါရမီ ရှိနေပြီ”လို့ အဆိုတော် မိုင်းမိုင်ဆိုင်း ပြော
“မိုးအောင်ရင် အမှုကို တရားရေးက မှန်မှန်ကန်ကန် ဆုံးဖြတ်မယ်လို့ ယုံကြည်တယ်”