COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာတာကြောင့် Stay home နေရချိန်မှာ Single Album လုပ်နေတယ်လို့ ချယ်ရီသင်းက ဆိုပါတယ်။
“Stay home ကာလမှာတော့ တကိုယ်တော်ခွေ လုပ်နေတယ်။ အခုလို ကာလမှာ ဝင်ငွေ မရှိ၊ အဆင်ကတော့ မပြေပေမယ့် အနုပညာဝမ်းစာ ဖြည့်ချင်တာကြောင့် အခွေလေး လုပ်မယ်။ လေ့လာသင့်တာတွေလည်း လေ့လာတယ်။ ပထမလှိုင်း ကိုဗစ် ဖြစ်တုန်းကလည်း ချယ်က “မလို့ပဲခေါ်” ဆိုတဲ့ သီချင်း ထွက်လိုက်တယ်”
“ပရိသတ်တွေကလည်း အထိုက်အလျောက် အားပေးကြတယ်။ အဲ့တော့ အခုလိုချိန်မှာ အနုပညာနဲ့ ပတ်သက်တာတွေပဲ သီချင်းတွေ သွင်းတယ်။ သီချင်းတွေ ရေးတာတွေ လုပ်နေတယ်”လို့ ချယ်ရီသင်းက ပြောပါတယ်။
ကိုဗစ်ကာလမှာ သီချင်းတွေ ရေးဖြစ်နေသလို ဘုရားတရားလည်း ပိုလုပ်ဖြစ်ပြီး စိတ်ထဲမှာ အကောင်းမြင်စိတ် ပိုမွေးဖြစ်တယ်လို့ ချယ်ရီသင်းက ဆိုပါတယ်။
“ချယ့်အနေနဲ့ ကိုဗစ်ကာလမှာ သီချင်းတွေ ရေးတယ်။ ဘုရားတရားလည်း ပိုလုပ်ဖြစ်လာတယ်။ ပြီးတော့ စိတ်ဓာတ်က အရင်ကထက် ပိုပြီး ပြောင်းလဲသွားတယ်။ စိတ်ထဲက မကောင်းတဲ့အရာတွေ အဆိုးမြင် အတွေးတွေကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပြီ။ မကောင်းတဲ့အတွေးတွေ မတွေးတော့ဘူး။ မကောင်းတဲ့ စကားတွေ မပြောတော့ဘူး။ အကောင်းပဲ မြင်ပေးလိုက်တယ်”
“ဘုရားတရား လုပ်တယ်။ ပရိသတ်တွေလည်း ဘုရားတရား လုပ်ပါ။ ကိုယ်တိုင် ကာကွယ်ခြင်းဖြင့် ကိုယ်ချစ်တဲ့ မိသားစုကို ကာကွယ်ကြပါ။ အခက်အခဲတွေကို စိတ်ခေါ်မှုအဖြစ် ပြောင်းလဲလိုက်ပါ”လို့ ချယ်ရီသင်းက ပြောပါတယ်။
COVID-19 ရောဂါပိုး တွေ့ရှိသူများ တနေ့တခြား များလာတာနဲ့အမျှ ပိုးတွေ့ လူနာတွေအပေါ် ဝေဖန် ပြစ်တင်တာမျိုးတွေ မကောင်းဘူးလို့ ဆိုပါတယ်။
“ကိုဗစ် ပိုးတွေ့ရှိသူတွေကို ဝေဖန် ပြစ်တင်တာတော့ ချယ်က မကောင်းဘူးလို့ မြင်တယ်။ ဘာလို့ အဲ့လိုတွေ ပြောနေကြတာလဲ။ အမှန်ဆို ခွန်အားပေးရမှာလေ။ ဒီလိုမျိုး ဘယ်သူ ဖြစ်ချင်မှာလဲ။ ဘယ်သူမှ မဖြစ်ချင်ကြဘူး။ ကိုယ်မိသားစုနဲ့ ခွဲပြီး သူများတွေနဲ့ တယောက်တည်း ဘယ်သူမှ သွားမနေချင်ဘူး။ ကိုယ်ချင်းစာပေးကြပါ”
“အဲ့ပြောတတ်တဲ့ အကျင့်တွေ၊ ဓာတ်ပုံဝိုင်းရိုက်ကြတာမျိုးတွေ မြန်မာလူမျိုး တော်တော်များများ အဲ့ဒါတွေ ပြင်သင့်နေပြီ။ နောက်ပိုင်းမှာလည်း သိပ်တောင် မလုပ်ကြတော့ဘဲ ဝိုင်းလက်ခုပ်တီး အားပေးကြတာတွေလည်း လုပ်လာကြတယ်။ အခုလိုချိန်မှာ ပိုးတွေ့လူနာတွေကို အပြစ်မတင်ဘဲ ခွန်အားပေးကြပါ”လို့ ချယ်ရီသင်းက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၂၀၀၃၃ ဦး တွေ့ရှိထားပြီး ရောဂါပိုးကင်းစင်လာသူ ၅၇၈၂ ဦး၊ သေဆုံးသူ ၄၇၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
You may also like these stories:
မြန်မာ အနုပညာရှင်တွေကို နိုင်ငံတကာ သိအောင် Reaction ဗီဒီယိုတွေ ဖန်တီးတဲ့ ထွန်းနောင်ဆင့်
အိမ်မှာနေရတဲ့ လူငယ်တွေကိုယ်စား ခံစားပြီး သီချင်းရေးထားတဲ့ ဝေကြီး
ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂုဏ်ပြုစကားဆိုကြတဲ့ အနုပညာရှင်များ