Nintendo ကုမ္ပဏီရဲ့ ဂန္တဝင်ဂိမ်းဇာတ်ကောင် Super Mario ကို ဂျပန်နိုင်ငံ၊ အိုဆာကာရှိ Universal Studios မှာ ပွဲထုတ်တော့မှာပါ။ ဒါဟာ ၁၉၈၅ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တဲ့ ဇာတ်လိုက်ကျော်ကို မျက်မြင်ကိုယ်တွေ့ မြင်နိုင်တော့မယ့် အခွင့်အရေးပါ။
Super Mario ဂိမ်းထဲက Mario Kart စီးဖို့ အဆင့်သင့်ဖြစ်ကြပြီလား။ ဂိမ်းထုတ်လုပ်ရေး ဂုရုကြီး Nintendo ကနေ ပထမဆုံးအကြိမ် ဇာတ်ကောင် Super Mario ကို Universal Studios Theme Park မှာ ချပြတော့မှာပါ။ အစပထမ နိုင်ငံခြားဧည့်သည်တွေ လာရောက်မယ့် ၂၀၂၀ တိုကျိုအိုလံပစ်အမီ ဇူလိုင်လထဲ ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် COVID-19 ကြောင့် နောက်နှစ်နွေဦးရာသီမှာ ဖွင့်မယ်လို့ Universal Studios က ဆိုပါတယ်။
အခုတော့ နှစ်ရှည်လများ မျှော်လင့်စောင့်စားနေကြတဲ့ Super Mario World ထဲက အစိမ်းရောင် ဒိုင်နိုဆောလေး Yoshi လို ဇာတ်လိုက်ကျော်လေးတွေ မြင်တွေ့ခွင့်ရနိုင်မယ့် Super Nintendo World ဇုံကို Universal Studios Theme Park မှာ ၂၀၂၁ ခုနှစ်၊ နွေဦးရာသီမှာ ဖွင့်လှစ်မယ်လို့ Universal Studios ဘက်က ပြောကြားလိုက်ပါတယ်။
လာရောက် လည်ပတ်သူတွေက ဂိမ်းထဲကပုံစံအတိုင်း ဘလော့တုံးတွေကို ကျော်ပြီး ခေါင်းတိုက်လိုက်တိုင်း ငွေဒင်္ဂါးတွေနဲ့ ပစ္စည်းတွေ စုမိတာမျိုးကအစ ဆော့နိုင်အောင် ပြင်ဆင်ပေးထားမယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် တယောက်နဲ့ တယောက် Social distancing လိုက်နာရမှာတွေ ရှိနေတာကြောင့် ဖွင့်မယ့်အချိန် ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ ပန်းခြံတာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်နိုင်ငံတွင်းမှာ ကူးစက်မှုတွေကြောင့် ဖေဖော်ဝါရီလထဲက ပိတ်ခဲ့ရတဲ့ ပန်းခြံကို ဇွန်လကစလို့ တဖြည်းဖြည်းချင်း ပြန်ဖွင့်ခွင့်ရလာပေမယ့် ကျန်းမာရေးဌာနက ထုတ်ပြန်ချက် ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေနဲ့ ပြင်ဆင်ပေးထားရပါတယ်။
လာရောက်သူတွေကို ဆွဲဆောင်နိုင်မယ့် ပြောင်းလဲ ပြင်ဆင်ထားတဲ့ Universal Studios Theme Park အစီအစဉ်သစ်တွေနဲ့အတူ COVID-19 ကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ ၂၀၂၀ တိုကျိုအိုလံပစ် မတိုင်ခင် အပြင်အဆင်သစ်တွေနဲ့ မြင်တွေ့နိုင်မယ်လို့ ပန်းခြံဘက်က ပြောကြားလိုက်ပါတယ်။
ဂျပန် Universal Studios ကနေ Mario ဇာတ်ကောင်တွေနဲ့ တဆိုင်လုံး ပြင်ဆင်ထားတဲ့ စားသောက်ဆိုင်ကို လာမယ့် အောက်တိုဘာလလယ်လောက်မှာ စတင်ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ အစားအသောက်တွေနဲ့ အချိုရည်တွေကအစ Mario ဂိမ်းထဲကအတိုင်း ပြင်ဆင်ထားမှာဖြစ်သလို ကပ်လျက်မှာလည်း အမှတ်တရပစ္စည်း အရောင်းဆိုင်ကိုပါ ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Japan Today
You may also like these story:
Nintendo ကနေ Mario ဂိမ်းများကို ၃၅ နှစ်ပြည့်အဖြစ် ပြန်လည် ရောင်းချမည်