Blackpink အဖွဲ့ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ “Lovesick Girls” ဂီတဗီဒီယိုထဲမှာ သူနာပြုဝတ်စုံ ဝတ်ဆင်ခဲ့တဲ့ အဖွဲ့ဝင် Jennie ရဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်တောက်သွားမယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက ကိုရီးယား ကျန်းမာရေးနဲ့ ဆေးဝန်ထမ်းသမဂ္ဂရဲ့ ကန့်ကွက် ရှုတ်ချမှု ထွက်ပေါ် လာခဲ့ပြီးတဲ့နောက် စကပ်အတို၊ အသားကပ် ခြေအိတ်၊ ဒေါက်မြင့်ဖိနပ်နဲ့ အသည်းပုံ သင်္ကေတပါ ဦးထုပ်ဝတ်ဆင်ထားတဲ့ Jennie ရဲ့ ဇာတ်ဝင်ခန်းတွေကို ဖယ်ရှားမယ်လို့ အဖွဲ့ရဲ့ အေဂျင်စီ YG အင်တာတိန်းမန့်က အောက်တိုဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သမဂ္ဂရဲ့ စာထဲမှာတော့ အဲ့ဒီဂီဗီဒီယိုထဲမှာ Jennie ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဟာ တကယ့်လက်ရှိ သူနာပြုဝတ်စုံနဲ့ လုံးဝ ကွဲပြားခြားနားပြီး သာမန်ဝတ်စုံ မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ နှိုးဆွဖို့ ပုံဖော်ထားခြင်းသာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကိုရီးယားကျန်းမာရေးနဲ့ ဆေးဝန်ထမ်းသမဂ္ဂအနေနဲ့ အမျိုးသမီးတွေနဲ့ သူနာပြုတွေကိုအသုံးချပြီး လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုပြုလုပ်တာကို တင်းတင်းကျပ်ကျပ် ဆန့်ကျင်ကြောင်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာတော့ အဲ့ဒီဗီဒီယိုဟာ လွတ်လပ်တဲ့ အနုပညာကိုသာ ပုံဖော်ထားတာသာ ဖြစ်ပြီး ဂီတထက် တခြားမည်သည့်အရာကိုမှ ထုတ်ဖော်ပြသဖို့ ရည်ရွယ်ချက်မရှိဘူးလို့ YG ဘက်ကနေ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက် တရက်အကြာမှာတော့ သူနာပြုဝတ်စုံ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ အားလုံးကို ဖြတ်ထုတ်ပစ်မှာဖြစ်ပြီး အဲ့ဒီဗီဒီယိုကို အစားထိုးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
YG အင်တာတိန်းမန့်ရဲ့ ထုတ်ပြန်ချက်အသစ်မှာတော့ “ဂီတဗီဒီယိုအတွက် အချိန်တော်တော်ကြာ လုပ်ဆောင်ခဲ့ရတဲ့အချိန်မှာ အခုလိုမျိုး ဇာတ်ဝင်ခန်းက တိကျတဲ့ ရည်ရွယ်ချက် ရှိလိမ့်မယ်ဆိုတဲ့ ပြဿနာကို မမျှော်လင့်မိပါကြောင်း၊ ဒီဖြစ်ရပ်အတွက် တာဝန်ရှိတယ်လို့ ခံစားရပြီး လေးလေးနက်နက်လေ့လာဖို့ အခွင့်အရေးလို့ မှတ်ယူမှာဖြစ်တဲ့အကြောင်း၊ စိတ်မသက်သာဖြစ်ခဲ့ရတဲ့ သူနာပြုတွေကို တောင်းပန်ပါကြောင်း၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေးအတွက် အလုပ်ကြိုးစားနေကြတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ထမ်းတွေ အားလုံးကို လေးစားပါကြောင်း”ဖော်ပြထားပါတယ်။
Blackpink အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ်ထဲက “Lovesick Girls” သီချင်းဟာ YouTube မှာ လွှင့်တင်ပြီး ၂၄ နာရီအတွင်း ကြည့်ရှုတဲ့ အကြိမ်ရေ ၆၁ ဒသမ ၄ သန်း ရှိခဲ့ပါတယ်။ အခုလိုမျိုး အဖွဲ့ရဲ့ ဂီတဗီဒီယိုကို စောဒကတက်မှုတွေကို ပြန်လည် တည်းဖြတ်ရတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
ဇွန်လတုန်းက ထွက်ရှိခဲ့တဲ့ “How You Like That” သီချင်းဗီဒီယိုထဲမှာ ဟိန္ဒူနတ်ဘုရား Ganesha ကို ဇာတ်ဝင်ပစ္စည်းအဖြစ် အသုံးပြုထားမှုအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့လို့ ဇာတ်ဝင်ခန်းကို ပြန်လည်ဖြတ်တောက်ခဲ့ရပါတယ်။
Ref: cnalifestyle
You may also like these stories:
Blackpink အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို Netflix မှာ ပြသမည်
Blackpink အဖွဲ့ကို အေဂျင်စီက အယ်လ်ဘမ်အသစ် ထုတ်မပေးလို့ ပရိသတ်တွေ ဒေါသထွက်နေ
“No Time To Die” ရုံတင်မယ့်ရက်ကို လာမယ့်နှစ် ဧပြီလအထိ ရွှေ့ဆိုင်း