အဆိုတော် နီနီခင်ဇော်က သူနဲ့အတူ လက်တွဲ လုပ်ကိုင်ရန်အတွက် တေးရေးဆရာ အသစ်များကို အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ခေါ်ယူလျက် ရှိပါတယ်။
“Ni Ni’s Team မှ နီနီရဲ့ အသစ်ထွက်ရှိမယ့် သီချင်းခွေမှာ လက်ရှိ လက်တွဲလုပ်ကိုင်နေတဲ့ တေးရေးဆရာသမားများ၊ နီနီကိုယ်တိုင် ရေးသားသော သီချင်းများအပြင်၊ အသစ်သစ်သော ဖန်တီးမှုများဆက်လက် လုပ်ကိုင်လိုပါ၍ Own Tune ဖန်တီး ရေးသား၊ ဂီတထုတ်လုပ်သူ (Composer/ Music Producer) အနုပညာရှင်အသစ်များ ခေါ်ယူနေပါတယ်” လို့ နီနီခင်ဇော်က ပြောထားပါတယ်။
သူ့အတွက် ကိုယ်တိုင် ဖန်တီး ရေးထားတဲ့ ကိုယ်ပိုင်သီချင်း ဘယ်လို ဂီတအမျိုးအစားပဲဖြစ်ဖြစ် ပေးပို့နိုင်တယ်လို့ သိရပါတယ်။ ပေးပို့တဲ့အခါမှာတော့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်များနဲ့အတူ သီချင်းဖိုင်တို့ကို အောက်တိုဘာလ ၇ ရက်နေ့မှ နိုဝင်ဘာ ၁၂ရက်နေ့အထိ ပေးပို့နိုင်တယ်လို့ သိရပါတယ်။
“ရွေးချယ်ခံရတဲ့ တေးသီချင်းများကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြန်လည် ထုတ်ပြန် ကြေညာပေးပါမယ်။ ရွေးချယ်ခံရတဲ့ တေးသီချင်း ဖန်တီး ရေးသား၊ ထုတ်လုပ်သူများအား ထိုက်သင့်သော အနုပညာကြေးနှင့် သတ်မှတ်ထားသော တေးသီချင်း အသုံးပြုခများ ပေးချေ၍ ဝယ်ယူဆောင်ရွက်ပါမယ်”လို့ ပြောပါတယ်။
ရွေးချယ်ခံရမယ့် တေးသီချင်းများအတွက်လည်း ဖန်တီး၊ ထုတ်လုပ်သူကို ထိုက်သင့်တဲ့ အနုပညာကြေးပေးသွားမှာဖြစ်ပြီး စည်းကမ်းချက် ၅ ချက်ကိုလည်း သတ်မှတ်ထားပါတယ်။
ရေးသားပေးပို့မယ့် သီချင်းဟာ အခြားသူတယောက်ရဲ့ သံစဉ်များ (ပြည်တွင်း၊ ပြည်ပ) မှ တုပ ရေးထားခြင်း မပြုရ၊ တခြားသူတယောက်ကို ရောင်းချထားတဲ့သီချင်း မဖြစ်ရ၊ တဦးတယောက်ကိုပုတ်ခတ် ရေးသားထားတဲ့ အရေးအသား မဖြစ်ရဘဲ သီချင်းရဲ့ တစိတ်တပိုင်းကိုတော့ နီနီခင်ဇော်ရဲ့အဖွဲ့အနေနဲ့ ပူးပေါင်းရေးသားခြင်းနဲ့ တစိတ်တပိုင်း ရောင်းချခြင်းအား ခွင့်ပြုရမှာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ တေးသီချင်းကိုတော့ Reddy Recort Label ရဲ့သဘောတူညီမှု စာချုပ်နဲ့ ညှိနှိုင်းလုပ်ကိုင်နိုင်ရမှာဖြစ်တယ်ဆိုတဲ့ အချက်အလက်များ ပါဝင်ပါတယ်။
အဆိုတော် နီနီခင်ဇော်ကတော့ လက်ရှိမှာလည်း The Voice Myanmar Season 3 သီချင်းဆို ပြိုင်ပွဲရဲ့ Coach တဦးအနေနဲ့လည်း လုပ်ကိုင်လျက် ရှိပါတယ်။
You may also like these stories:
“ဘယ်တော့မှ မင်းသမီး မလုပ်ပါဘူး”လို့ ပြောတဲ့ အဆိုတော် နီနီခင်ဇော်