မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ကိုဗစ်ကာလမှာ အခက်အခဲ ရင်ဆိုင်နေရတဲ့ အနုပညာလောကသားတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ဖို့ တော်တော် ကြိုးစားနေရတယ်လို့ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက ဧရာဝတီကို ပြောပါတယ်။
“ကိုဗစ်ကာလမှာ ရုပ်ရှင်အစည်းအရုံးကနေ ထောက်ပံ့ပေးဖို့ကို အခုရောဂါဖြစ်တဲ့သူတွေ များနေတော့ လူစုလူဝေး လုပ်လို့ မရဘူး။ မရတာနဲ့ အိမ်လိုက်ပေးဖို့ကလည်း မြို့နယ်တွေက ကန့်သတ်ထားတော့ အခြေအနေကို စောင့်ကြည့်နေတာ။ ပေးနိုင်ရင်တော့ ၂၁ ရက်နေ့နောက်ပိုင်း ပြန်ဖွင့်ရင်တော့ ပေးနိုင်မယ်လို့ ကျနော်တို့ အစည်းအဝေးမှာ ဆုံးဖြတ်ထားတယ်”
“ကျနော်တို့ အစည်းအရုံးက ရတာက သိန်း ၃၀၀၊ အစည်းအရုံးကနေ သိန်း ၁၅၀ လောက် ထပ်ဖြည့်ပြီး လူ ၁၅၀၀ စာ လုပ်ရမှာပေါ့။ လူက ၄၀၀၀ လောက် ရှိတယ်။ အဲ့ ၄၀၀၀ လုံးကို ပေးတာ မဟုတ်တော့ လာထုတ်ရင်လည်း မပေးလို့က မရဘူးလေ။ လာထုတ်တဲ့ သူကို မူတည်ပြီး ကျနော်တို့က ပေးတာ။ အနုပညာလောကသားတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ဖို့ တော်တော် ကြိုးစားနေရတယ်” လို့ ဦးအေးကြူလေးက ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ နောက်ပိုင်းထိ ပိတ်ရင် အတတ်နိုင်ဆုံး ကူညီပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ဦးအေးကြူလေးက ဆိုပါတယ်။
“၂၁ ရက်နေ့ နောက်ပိုင်း ထပ်ပိတ်ရင်လည်း မတတ်နိုင်ဘူး။ ရောက်အောင် ပို့လို့ရတာတွေ ရှိတယ်။ စက်မှုအလွှာဆို မပူရဘူး။ သူတို့ ကားတွေနဲ့ မြို့နယ်အလိုက် အဖွဲ့ ခေါင်းဆောင်တွေ ရှိတယ်။ ကျန်တဲ့ အလွှာတွေကတော့ လုပ်လို့ မရတာတွေ ရှိတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး သူတို့တွေဆီ ရောက်အောင် ကြိုးစားစဉ်းစားပါဦးမယ်။ သူတို့တွေက Wave money က ပေးလိုက်ရင် ပြီးတာပဲ ဆိုပေမယ့် အဲ့လို လုပ်လို့ မရတာတွေလည်း ရှိတယ်”
“တချို့တွေက ဖုန်းမရှိဘူး။ တချို့ က ဖုန်းနံပါတ် ပြောင်းကိုင်တော့ ပိုက်ဆံတွေ လွှဲလိုက်လို့က အဆင်မပြေနိုင်ဘူး။ ကျနော်တို့ဆီ ပစ္စည်း လာထုတ်ရင်လည်း အဖျားတိုင်းတာတွေ၊ လက်ဆေးခိုင်းတာတွေ လုပ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့အတိုင်း လိုက်နာပြီး လုပ်ပါတယ်”လို့ ဦးအေးကြူလေးက ပြောပါတယ်။
ရုပ်ရှင်လောကသားတွေအနေနဲ့ COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ မတ်လ အစကတည်းက အနုပညာအလုပ်တွေ ရပ်နားလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာလောသားတွေရဲ့ စားဝတ်နေရေးအတွက် ငွေကြေးနဲ့ စားနပ်ရိက္ခာများကို လစဉ် ထောက်ပံ့ပေးနေတာ တွေ့ရပါတယ်။
You may also like these stories:
ကိုဗစ်ကာလမှာ တကိုယ်တော်ခွေအတွက် သီချင်းသစ် ရေးနေတဲ့ ချယ်ရီသင်း
တေးရေးအသစ်များကို ခေါ်ယူနေတဲ့ အဆိုတော် နီနီခင်ဇော်
မြန်မာ အနုပညာရှင်တွေကို နိုင်ငံတကာ သိအောင် Reaction ဗီဒီယိုတွေ ဖန်တီးတဲ့ ထွန်းနောင်ဆင့်