ပေါ့ပ်အဆိုတော် Taylor Swift ဟာ အမေရိကန်သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒန်ကို ထောက်ခံလိုက်ပြီး၊ အဲ့ဒီ သမ္မတလောင်းဟာ အမေရိကန်နိုင်ငံမှာ နာကျင်မှုတွေ လျော့ပါးသက်သာစေဖို့ လမ်းစဉ်ကို စတင်နိုင်မယ့် ဝါရင့်ဒီမိုကရတ်တယောက် ဖြစ်တယ်လို့ Follower သန်း ၂၀၀ ကျော်ရှိတဲ့ Taylor Swift ဆိုရှယ်မီဒီယာအကောင့်ကနေ အောက်တိုဘာလ ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
တေးရေးနဲ့ အဆိုတော် Taylor Swift ဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ “အသုံးမကျတဲ့ ခေါင်းဆောင်မှု” ကို ပေးခဲ့ပြီး အမေရိကန်နိုင်ငံသားတွေရဲ့ မဲပေးခွင့် အခွင့်အရေးကို ဖြိုခွင်းဖျက်စီးပစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီလို မှတ်ချက်တွေကို မဂ္ဂဇင်းတခုရဲ့ ဆောင်းပါးထဲမှာသာ ပြောခဲ့တာဖြစ်ပြီး အခုတော့ Instagram နဲ့ Twitter တို့ကနေ တဆင့် သမ္မတလောင်း ဘိုင်ဒန်ကို ထောက်ခံကြောင်း သူ့ရဲ့ တရားဝင်ကြေညာချက်ကို ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
V Magazine ရဲ့ “Thought Leaders” ထုတ်ဝေမှုမှာ အဆိုတော် Swift က “လူတိုင်းဟာ သူ့နိုင်ငံသားတွေရဲ့ အသက်ကို ဦးစားပေးနေရာမှာ ထားပြီး ကမ္ဘာဆုံးဆိုင်ရာ ကျန်းမာရေးပြဿနာကို အလေးထားတဲ့ အစိုးရတရပ်နဲ့ ထိုက်တန်ပါတယ်” လို့ ပြောဆိုခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ နံပါတ် ၁ ဖြစ်ခဲ့တဲ့ “Lover” နဲ့ “Folklore” အယ်လ်ဘမ် နှစ်ချပ်ကို ဖြန့်ချိထားသူလည်း ဖြစ်ပါတယ်။
Taylor Swift က “ကျမကတော့ ဒီနှစ် သမ္မတ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်နဲ့ ကမ်မလာ ဟဲရစ်တို့ကို ဂုဏ်ယူစွာနဲ့ မဲပေးမှာပါ။ သူတို့ရဲ့ ခေါင်းဆောင်မှုအောက်မှာ အမေရိကဟာ လုံးဝ လိုအပ်နေတဲ့ ပြန်လည် ကုစားရေး လုပ်ငန်းစဉ်ကို စတင်နိုင်မယ့် အခွင့်အရေးကို ရမယ်လို့ ကျမ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
အဲ့ဒီနောက်မှာတော့ အသက် ၃၀ နှစ်အရွယ် အဆိုတော် Swift ဟာ သမ္မတလောင်း ဘိုင်ဒန်နဲ့ ဒုသမ္မတလောင်း ဟဲရစ်တို့ထံကနေလည်း ပြန်လည် ထောက်ခံအားပေးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။
သမ္မတလောင်း ဘိုင်ဒန်က “Taylor ရေ၊ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းမှာ အရေးအကြီးဆုံး အခုလို အချိန်မှာ ပြောဆိုပေးတာနဲ့ မင်းရဲ့ ထောက်ခံအားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
အဆိုတော် Swift ဟာ ၂၀၁၈ ခုနှစ်တုန်းကတော့ သူ့ရဲ့မွေးရပ်မြေ တန်နန်စီပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းတွေကိုလည်း အားပေး ထောက်ခံခဲ့ဖူးပါတယ်။ ရီပါဘလစ်ကန်ဆီးနတ်လွှတ်တော် ကိုယ်စားလှယ်လောင်း Marsha Blackburn ရဲ့ မဲရလဒ် မှတ်တမ်းတွေဟာ သူ့ကို ထိတ်လန့် တုန်လှုပ်စေတယ်လို့ ဆိုပါတယ်။
အဲ့ဒီအချိန်မှာ Swift က “အသားအရောင်၊ ကျား/မ နဲ့ သူတို့ချစ်မြတ်နိုးတဲ့သူတွေက ဘာတွေပဲ ဖြစ်နေပါစေ အမေရိကန်နိုင်ငံသားအားလုံးရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ဖို့ ဆန္ဒမရှိတဲ့ တစုံတယောက်ကို ကျမ မဲမပေးနိုင်ပါဘူး”လို့ ပြောဆိုခဲ့ဖူးပါတယ်။
Ref: thejakartapost
You may also like these stories:
COVID-19 ကို မကြောက်ကြဖို့ ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ မှတ်ချက်ကို အနုပညာရှင်တွေ ဝေဖန်
ကွယ်လွန်သူ မင်းသား Sushant ရဲ့ ချစ်သူဟောင်း မင်းသမီး Chakraborty အာမခံရ
Blackpink အဖွဲ့ရဲ့ ဂီတဗီဒီယိုထဲက လိင်အသားပေး သူနာပြု ဇာတ်ဝင်ခန်းကို ဖယ်ရှားမည်