အဆိုတော် Rihanna ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြုလုပ်ခဲ့တဲ့ 2020 Savage X Fenty ဖက်ရှင်ရှိုးမှာ မြင့်မြတ်တဲ့ အစ္စလာမ် Hadith ထဲက ရွတ်ဖတ်မှု တခုအား နမူနာယူထားတဲ့ သီချင်းတပုဒ်ကို အသုံးပြုခဲ့လို့ ဝေဖန်ခံခဲ့ရပြီးတဲ့နောက် အောက်တိုဘာလ ၆ ရက်နေ့မှာတော့ မူဆလင် အသိုင်းအဝိုင်းကို ပြန်တောင်းပန်လိုက်ပါတယ်။
လူမျိုးပေါင်းစုံ ပါဝင်မှုခဲ့မှုတွေကို ချီးကျူးခံခဲ့ရတဲ့ ဖက်ရှင်ရှိုးတွေ ပြုလုပ်ခဲ့သူ အနုပညာရှင်၊ ဒီဇိုင်နာ Rihanna ဟာ အခုလိုမျိုး ဘာသာရေးအပေါ် မလေးမစားပြုမိခဲ့တဲ့အတွက် မူဆလင် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး အခုလို အဖြစ်အပျက်ဟာ သတိမထားမိခဲ့လို့ ဖြစ်ရတာလို့ ဆိုပါတယ်။
အဆိုတော် Rihanna က “ကျမတို့ရဲ့ Savage X Fenty ရှိုးမှာ မရည်ရွယ်ဘဲ ဖြစ်ခဲ့ရတဲ့ ဖြစ်ရတဲ့အတွက် အမြင်ကျယ်ကျယ်နဲ့ ထောက်ပြကြဖို့ မူဆလင် လူမှုအသိုင်းအဝန်းကို ကျမ ကျေးဇူးတင်ချင်ပါတယ်။ အရိုးသားဆုံး ပြောရရင် သတိမထားခဲ့မိတဲ့ အမှားဖြစ်လို့ အားလုံးကို တောင်းပန်ချင်ပါတယ်” လို့ Instagram Stories မှာ ရေးသားခဲ့ပါတယ်။
အဲ့ဒီတောင်းပန်စာကို Savage X Fenty ရဲ့ တရားဝင် Instagram အကာင့်မှာလည်း တင်ခဲ့တာ တွေ့ရပါတယ်။ သူပိုင်ဆိုင်တဲ့ အဲ့ဒီဖက်ရှင် စီးပွားရေးလုပ်ငန်းဟာဆိုရင် လူမျိုးပေါင်းစုံကို ပစ်မှတ်ထားပြီး သူတို့ရဲ့ မာကတ်တင်း အစီအစဉ်ထဲမှာ ဟာဂျီဘီ အမျိုးသမီးတွေကို ပါဝင်စေတဲ့အထိ သမိုင်းမှတ်တမ်းဝင်စေခဲ့ပါတယ်။
Savage X Fenty Vol 2 ရှိုးပွဲရဲ့ အရောင်စုံ Catwalk လမ်းမထက်မှာ မော်ဒယ်တွေက ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Doom” သီချင်းကို ကပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာ အရင်တုန်းကလည်း ဝေဖန်ခံခဲ့ရပြီး ဖက်ရှင်ရှိုးတွေမှာ လိင်ပိုင်းဆိုင်ရာ နှိုင်းဆွမှု ပြုတယ်လို့ဆိုပြီး ရှုတ်ချခံခဲ့ရဖူးပါတယ်။
အစ္စလာမ်ဘာသာမှာတော့ ကိုရမ်ကျမ်းထဲမှာပါဝင်တဲ့ စကားတွေ၊ အလ္လာရဲ့နာမတော်ကို မယဉ်မကျေး အသုံးပြုတာ တမန်တော် မိုဟာမက်ကို မယဉ်မကျေးပြုမူတာတွေ တားမြစ်ထားပါတယ်။
Hadith ဆိုတာကတော့ တမန်တော် မိုဟာမက်ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ Rihanna ရဲ့ Instagram မှ Follower တွေကတော့ ထောက်ပြမှုတွေ လုပ်ဆောင်ခဲ့ပြီး လေ့လာမှုများများ လုပ်ဖို့နဲ့ တောင်းပန်စာ ထုတ်ပြန်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
Ref: scmp
You may also like these stories:
သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို ထောက်ခံလိုက်တဲ့ အဆိုတော် Taylor Swift
ကွယ်လွန်သူ မင်းသား Sushant ရဲ့ ချစ်သူဟောင်း မင်းသမီး Chakraborty အာမခံရ
Blackpink အဖွဲ့ရဲ့ ဂီတဗီဒီယိုထဲက လိင်အသားပေး သူနာပြု ဇာတ်ဝင်ခန်းကို ဖယ်ရှားမည်