Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတဆင့် အဆိုတော်တယောက် ဖြစ်လာခဲ့တဲ့ မိုင်းမိုင်ဆိုင်းကတော့ တကိုယ်တော်သီချင်းခွေလည်း ထွက်ရှိထားပြီး အခု ကိုဗစ်ကာလအတွင်း မကြာခင်မှာတော့ သီချင်းအသစ်နဲ့အတူ Music Video ထွက်ဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သီချင်းအသစ်တွေ လုပ်ထားတာ ရှိတယ်။ Music Video က စတင်ဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ သီချင်းလည်း ရှိတယ်။ ရိုက်ဖို့လည်း စီစဉ်ထားတာလည်း ရှိတယ်။ ကိုဗစ်ဖြစ်တာကြောင့် နှောင့်နှေးသွားတာမျိုး ဖြစ်သွားတယ်။ ကိုယ်ကဒီအချိန်မှာ ကိုယ့်ရဲ့မရှိမဲ့ ရှိမဲ့တွေကို သွားပြီး ပုံအောလိုက်ရင်လည်း အဆင်မပြေဘူး။ အဲဒါကြောင့် နည်းနည်းလေး ထားထားသေးတယ်။ ရိုက်ပြီးသား သီချင်းကိုတော့ ဒီရက်ပိုင်းတင်မှာပါ” လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။
သီချင်းကိုတော့ ကြိုတင် မပြောပြဘဲ Surprise လုပ်ထားမှာဖြစ်ပြီး အားလုံး ကြိုက်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
“သီချင်းကတော့ Surprise ပေါ့။ အလွမ်းအဆွေးတွေနဲ့လည်း မိုင်းမိုင်က မလိုက်ဘူး။ အလွမ်းအဆွေးတော့ မဟုတ်တာ သေချာတယ်။ ပေါက်ကွဲရတာ ကြိုက်တယ်။ ဒဿနဆန်တဲ့ သီချင်းတွေ ၊ လူသားအကျိုးပြုတဲ့ သီချင်းတွေ ဆိုရတာ ကြိုက်တယ်။ အဲ့လို ပုံစံလေးပါပဲ။ အားလုံးလည်း ကြိုက်လိမ့်မယ် ယုံကြည်တယ်” လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။
လတ်တလောမှာတော့ ကိုဗစ်သတင်းများ ၊ ရွေးကောက်ပွဲအကြောင်း ကိစ္စများကြောင့် စိတ်ညစ်စိတ်ရှုပ်နေကြချိန်မှာ အနုပညာကို ခံစားပေးနိုင်မှာ မဟုတ်တဲ့အတွက် အခြေအနေ ငြိမ်သွားရင် တင်ပေးသွားမယ်လို့ သိရပါတယ်။
“ဒီရက်ပိုင်းမှာ ကိုဗစ်ကြောင့်ရော ရွေးကောက်ပွဲ ကိစ္စတွေနဲ့ပဲ ရှုပ်နေတဲ့အချိန်မှာ စိတ်ညစ် စိတ်ရှုပ်နေတဲ့အချိန်၊ အနုပညာလည်း ဘယ်သူမှ ခံစားပေးနိုင်မှာ မဟုတ်ဘူး။ အားလုံး အခြေအနေ ငြိမ်သွားရင် တင်သွားဖို့ရှိပါတယ်။ ကိုယ်က အနုပညာသမားဖြစ်တဲ့အတွက် အနုပညာနဲ့ အဆက်အသွယ် ပြတ်သွားမှာ မဟုတ်ပါဘူး။ ဈေးသည်လည်း လုပ်မယ်။ သီချင်းလည်း ဆိုမယ်။ အဲဒါတော့ စိတ်ချပါတယ်” လို့ ပြောပါတယ်။
စီးပွားရေးအနေနဲ့ “MMS ကချင်ကြက်ကင်” ရောင်းချနေပေမယ့် အနုပညာအလုပ်များကိုလည်း လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကိုယ့်ရဲ့စိတ်ကူးကတော့ အနုပညာအလုပ် လုပ်မယ်။ ကချင်ရိုးရာ စားသောက်ဆိုင် ကောင်းကောင်း ထိထိမိမိလေး ဖွင့်မယ်။ ဝန်ဆောင်မှုကောင်းကောင်း လုပ်မယ်။ အရသာပိုင်းရော၊ ဝန်ဆောင်မှုအပိုင်းရော ကောင်းကောင်းလေးနဲ့ ဆိုင်လေးဖွင့်ဖို့ စဉ်းစားထားတယ်။ အခုကကျတော့ တနိုင်တပိုင် လုပ်တာ။ မောင်နှမ ၂ယောက်နဲ့ပဲ လုပ်နေတာဆိုတော့ ဝန်ထမ်းအင်အားလည်း မရှိသေးဘူး။ လိုအပ်ချက်တွေအများကြီး ရှိသေးတယ်” လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။
မိုင်းမိုင်ဆိုင်းကတော့ သီချင်းဆိုပြိုင်ပွဲပြီးတဲ့နောက်မှာ သီချင်းများကို ကြိုးစားစုဆောင်းရင်း “ခေတ်သစ်နီတိ” ဆိုတဲ့ တကိုယ်တော်ခွေ ထွက်ရှိထားပါတယ်။
You may also like these stories:
“မြန်မာပြည်မှာ အသက်ကြီးတာကို ရယ်စရာ ထင်ကြတယ်”လို့ ဝင်းမင်းသန်း ပြော
တေးရေးအသစ်များကို ခေါ်ယူနေတဲ့ အဆိုတော် နီနီခင်ဇော်
ကိုဗစ်ကာလမှာ တကိုယ်တော်ခွေအတွက် သီချင်းသစ် ရေးနေတဲ့ ချယ်ရီသင်း