သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ သူအသုံးပြုတဲ့ Facebook အကောင့်မှာ ရယ်စရာ ဟာသများ၊ Troll ထားတဲ့ အကြောင်းအရာများကို အမြဲတမ်း မျှဝေချင်တဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်တုန်းကဆိုရင် ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာနဲ့ သူငယ်ချင်းတွေနဲ့ စိတ်ဆိုးတာတွေ၊ ကိုယ့်အတွင်းရေးတွေလည်း ရေးချလိုက်တာပဲ။ တခါတလေလည်း အခုထိကို ရှိတယ်။ ကြိုက်တဲ့ဟာ ရှိလည်း Share လိုက်မိတာပေါ့။ အခုနောက်ပိုင်းမှာ ကိုယ်မကြိုက်တဲ့ ကိစ္စမျိုးကို ဘာလို့ သွားကြည့်တော့မလဲ၊ သွားပြောတော့မလဲနော်”
“တချို့က မပြောလို့မရတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ မြနှင်းအနေနဲ့က ကိုယ်မပြောလည်း တခြားသူပြောလိမ့်မယ်။ ကိုယ့်အတွက် အေးချမ်းအောင် နေလိုက်မယ်ပေါ့။ ကိုယ့်ကို တိုက်ခိုက်နေတာမျိုးကိုလည်း အပြန်အလှန် ပြန်ဆဲမနေဘူး။ ရယ်စရာတွေပေါ့။ သူများကို ဟားတိုက်လှောင်ထားတာ မဟုတ်တဲ့ ရယ်စရာဆိုရင်တော့ Share တယ်” လို့ မြနှင်းရည်လွင်က ဧရာဝတီကို ပြောပါတယ်။
၂၀၂၀ ကိုဗစ်ကာလဟာ သူ့ကို စိတ်ပိုင်းဆိုင်ရာ နေတတ် ထိုင်တတ်အောင် သင်ပေးသွားခဲ့တယ်လို့ သိရပါတယ်။
“မရရအောင် ပျော်အောင် ဖန်တီးပြီး ယူရတာတွေ ရှိတယ်။ တကယ်ပျော်နေတဲ့ အချိန်တွေလည်း ရှိတယ်။ တခါတလေကျရင်လည်း စိတ်ဆင်းရဲတယ်။ ငိုနေရက်နဲ့လည်း Facebook တင်လိုက်တာတွေ ရှိတယ်။ နောက်ပိုင်းကျတော့ ကျင့်သား ရသွားတယ်”
“၂၀၂၀ ကိုဗစ်ကာလတွေမှာတော့ စိတ်ပိုင်းဆိုင်ရာ နေတတ်ထိုင်တတ်အောင် သင်ပေးသွားတယ်လို့ ထင်တယ်။ တချိန်လုံး ပျော်ရွှင်နေတဲ့သူကြီးတော့ မဟုတ်ဘူးပေါ့။ အလုပ်တွေ အရေးတကြီး လုပ်ရတဲ့အချိန်တွေ ရှိတယ်။ ပျော်တာကိုပဲ ကြိုက်နှစ်သက်တယ်” လို့ မြနှင်းရည်လွင်က ပြောပါတယ်။
Facebook ပေါ်မှာ သူ့ရဲ့ Snap ပုံများနဲ့ ရယ်စရာ လုပ်ထားကြတာမျိုးကို စိတ်မဆိုးပေမယ့် တခြားသူတယောက်နဲ့ မှားယွင်းပြောဆိုတာမျိုးကိုတော့ မကြိုက်ဘူးလို့ ဆိုပါတယ်။
“အစတုန်းက ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲတုန်းကဆို ရွှေရင်အေး လှူနေတဲ့ပုံကို လူတိုင်းက Share ကြတယ်။ ပေါက်သွားသလိုမျိုး ဖြစ်တာပေါ့။ အဲ့တုန်းက အဖုံးပြုတ်ကျသွားတော့ မျက်နှာက မဲ့သွားတဲ့ပုံစံကို ဘေးနားက မောင်လေးတယောက်က မြနှင်းကိုဆို အပြောင်လေးပဲ ရိုက်နေကျဆိုတော့ အဲ့ပုံက တော်တော် Share ကြတယ်။ အရမ်းတော့ စိတ်မဆိုးဘူး။ တခြားသူတယောက် နာမည်နဲ့ မှားပြောရင်တော့ စိတ်မဆိုးတာတော့ မဟုတ်ပေမယ့် သိပ်တော့ မကြိုက်ဘူးပေါ့” လို့ ပြောပါတယ်။
အခု လတ်တလော တီဗီမှာ ထုတ်လွှင့်နေတဲ့ ရိုးမဘဏ်ကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဒါပေါ့” ဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီးတော့လည်း လူအများက သဘောကျနေကြပါတယ်။ ဒီကြော်ငြာကိုတော့ ကိုဗစ် ဒုတိယလှိုင်း မဖြစ်ခင်အချိန်က လူနည်းစုနဲ့ ရိုက်ကူးထားတာဖြစ်ပြီး တခြားသော ဇာတ်လမ်းတို ၂ ခုလည်း ရိုက်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း မြနှင်းရည်လွင်က MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲထဲမှာ ဒေါ်ဟန်နီချို ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“မြန်မာပြည်မှာ အသက်ကြီးတာကို ရယ်စရာ ထင်ကြတယ်”လို့ ဝင်းမင်းသန်း ပြော
တေးရေးအသစ်များကို ခေါ်ယူနေတဲ့ အဆိုတော် နီနီခင်ဇော်
ကိုဗစ်ကာလမှာ တကိုယ်တော်ခွေအတွက် သီချင်းသစ် ရေးနေတဲ့ ချယ်ရီသင်း