COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာတာကြောင့် Stay home နေရချိန်မှာ သီချင်းတွေ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ အေးမြဖြူက ဆိုပါတယ်။
“Stay home ကာလမှာတော့ ဝါသနာပါတဲ့ ဂစ်တာ တီးတာတို့၊ သီချင်းတွေ ဆိုတာတို့၊ နောက်သီချင်းတွေ ရေးတာတို့ လုပ်နေတယ်။ နောက်ထပ် သီချင်းတွေ ထွက်နိုင်အောင်လည်း ပြင်ဆင်နေပါတယ်။ ဒီကာလမှာ သီချင်းသစ်လည်း ၂ ပုဒ် ထွက်ထားပါတယ်”လို့ အေးမြဖြူက ပြောပါတယ်။
ဆက်လက်ပြီး အိမ်မှာနေရချိန်မှာ အနုပညာတွေ ပြန်လုပ်လို့ရရင် ဘာတွေ ပြန်လုပ်မယ်ဆိုတဲ့ အစီအစဉ်တွေလည်း ဆွဲနေတယ်လို့ ဆိုပါတယ်။
“ကိုဗစ် ဖြစ်နေချိန်မှာ ပွဲတွေ မရှိတော့ဘူး။ နောက် ရုပ်ရှင်ရိုက်ရမှာတွေလည်း ရှိတယ်။ အဲ့ဒါတွေလည်း နားလိုက်ရတယ်။ အနုပညာရှင်တွေလည်း အနုပညာအလုပ်က လူစုလူဝေးနဲ့ လုပ်ရတဲ့အလုပ် ဖြစ်နေတော့ အကုန်လုံးက အိမ်မှာပဲ နေကြတယ်။ အခုလို အိမ်မှာနေလို့ရတဲ့အချိန်မှာ အနုပညာတွေ ပြန်လုပ်လို့ရရင် ဘာတွေ ပြန်လုပ်မယ်ဆိုတဲ့ Plan တွေ ဆွဲနေပါတယ်”လို့ ပြောပါတယ်။
သီချင်းဆိုတာအပြင် ငယ်စဉ်က အကလည်း ဝါသနာပါခဲ့တဲ့ အေးမြဖြူဟာ ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲမှာ ပါဝင်ခဲ့တဲ့အကြောင်းလည်း အခုလို ဆိုပါတယ်။

“ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက် ဖျော်ဖြေပွဲမှာလည်း ပါဝင်သီဆိုပေးခဲ့သလို ဦးရန်အောင်နဲ့လည်း မှုံရွှေရည် သီချင်းလေး ကပြ ဖျော်ဖြေခဲ့တယ်။ ငယ်ငယ်တုန်းကပဲ ကတယ်။ ကြီးလာတော့ သိပ်မကဖြစ်တော့ အရမ်းအခက်အခဲတော့ မရှိဘူး။ နည်းနည်းတော့ ပိုပြင်ရတယ်။ ကပြရတာ သီချင်းဆိုရတာထက် ပိုခက်တယ်”လို့ အေးမြဖြူက ပြောပါတယ်။
ကိုဗစ်ကူးစက်သူတွေ ပိုများလာတာကြောင့် အပြင်ထွက်ရင် ဂရုစိုက်ကြပါလို့ ဆိုပါတယ်။
“ကိုဗစ်က ဒုတိယကြိမ်ဖြစ်တယ်။ ရောဂါဖြစ်တဲ့သူတွေလည်း များလာတယ်။ ဆုံးတဲ့သူတွေလည်း အများကြီးမို့ လိုက်နာရမယ့် စည်းကမ်းလေးတွေလည်း လိုက်နာပေးကြပါ။ အလုပ်ကြောင့် အပြင်ကို ထွက်နေရသေးရင် ဂရုစိုက်ကြပါ။ ဖြစ်နိုင်ရင် အိမ်မှာပဲနေကြပါ။ အပြင်မထွက်ကြပါနဲ့”လို့ အေးမြဖြူက ပြောပါတယ်။
အေးမြဖြူက အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် မဲပေးခွင့် မရှိသေးပေမယ့် NLD အောင်နိုင်ရေးအတွက် သီချင်းတွေနဲ့ ဇာတ်လမ်းတိုတွေမှာ ပါဝင်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

“သမီးက ၁၈ နှစ် မပြည့်သေးဘူး။ နောင်နှစ်မှ ပြည့်မှာပါ။ အဲ့တော့ မဲပေးဖို့ မမှီလိုက်ဘူး။ သမီး NLD အောင်နိုင်ရေးမှာလည်း သီချင်းတွေ ဆိုထားတယ်။ ဇာတ်လမ်းတိုထဲမှာလည်း ပါဝင်ထားတယ်။ မဲပေးတဲ့ အောင်နိုင်ရေးနဲ့ ပတ်သက်တဲ့ အနုပညာအလုပ်တွေမှာတော့ ပါဝင်ပေးဖြစ်တယ်”လို့ အေးမြဖြူက ပြောပါတယ်။
အေးမြဖြူဟာ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ အများကြီး ရှိခဲ့ပါတယ်။ သရုပ်ဆောင် တယောက်အဖြစ် ဗီဒီယို ဇာတ်ကားများစွာမှာလည်း ပါဝင် သရုပ်ဆောင်ဖူးခဲ့သူပါ။ အေးမြဖြူဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲမှာလည်း ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။
You may also like these stories:
ဆိုရှယ်မီဒီယာမှာ အပျော်တွေပဲ မျှဝေချင်တဲ့ မြနှင်းရည်လွင်
သီချင်းအသစ် Music Video ထွက်ဖို့ရှိတဲ့ မိုင်းမိုင်ဆိုင်း
“ရုပ်ရှင်လောကသားတွေကို စားနပ်ရိက္ခာ ထောက်ပံ့နိုင်အောင် ကြိုးစားနေရတယ်”