Entertainment

“ဆိုးပေ” ဇာတ်လမ်းတွဲကြောင့် မတ္တရာကို ရောက်နေတဲ့ ထွန်းဝီရ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ထွန်းဝီရကတော့ ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်) ရိုက်ကူးနေတဲ့ “ဆိုးပေ” ဇာတ်လမ်းတွဲကြောင့် သြဂုတ်လကတည်းက မတ္တရာမြို့နယ်ကို ရောက်ရှိနေပြီး ကိုဗစ် စည်းကမ်းတွေနဲ့အညီ ရိုက်ကူးရေး လုပ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကိုဗစ် ဒုတိယအကြိမ် မဖြစ်ခင်ကတည်းက “ဆိုးပေ” ကို စီစဉ်ပြီး မတ္တရာမြို့က ရွာလေးတရွာမှာ သြဂုတ်လ ၁၇ ရက်နေ့က စရောက်ပြီးတော့ ရိုက်ကူးနေပါတယ်။ ရိုက်ကူးနေရင်း ကိုဗစ် ဒုတိယအကြိမ် ဖြစ်သွားတဲ့အတွက် ကျနော်တို့ စည်းကမ်းချက်တွေနဲ့အညီ၊ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ လူစုလူဝေးဘဲ မလုပ် ရိုက်ကူးနေပါတယ်”လို့ ထွန်းဝီရက ပြောပါတယ်။

ရန်ကုန်မြို့မှာလည်း ပိုးတွေ့လူနာတွေ တနေ့တခြား ပိုပိုများလာတာကြောင့် ရန်ကုန်ကို ပြန်မလာဖြစ်သေးဘဲ လက်ရှိ ရောက်နေတဲ့ နေရာမှာသာ နေဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ထွန်းဝီရ (ဓာတ်ပုံ – Htun Wira’s Facebook)

“ရန်ကုန်မှာက ပိုးတွေ့လူနာများနေတော့ ရန်ကုန်ပြန်လာရင် Quarantine ဝင်ရမလား မသိသေးဘူး။ မတ္တရာမှာကျတော့ ပိုးတွေ့လူနာ မတွေ့သေးတော့ သွားရေးလာရေး သိပ်ခက်ခက်ခဲခဲ မရှိဘူး။ ကျနော် ရန်ကုန်ကိုတော့ လွမ်းတယ်။ နယ်မှာ ကိုယ့်အိမ် မဟုတ်တာဘဲ ရှိတာ။ ကံကောင်းတယ်လို့ ပြောရမယ်။ Safe zone ရောက်နေတာပေါ့။ ရန်ကုန်ကိုလည်း လွမ်းလို့ ပြန်ချင်သလို နယ်ကနေလည်း မပြန်ချင်သေးဘူး”လို့ ထွန်းဝီရက ပြောပါတယ်။

မကြာသေးခင်ကလည်း မွေးနေ့မှာ စက်အဖွဲ့သားတွေနဲ့ ဖြတ်သန်းရတာ ပျော်ရသလို ဒါရိုက်တာ ခင်လှိုင် ကိုယ်တိုင် ဆိတ်သားဟင်း ချက်ပေးတာကလည်း အမှတ်တရပါလို့ ထွန်းဝီရက ဆိုပါတယ်။

“ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်နေတဲ့ ထွန်းဝီရ (ဓာတ်ပုံ – Htun Wira’s Facebook)

“ကျနော့် မွေးနေ့က ၆ ရက်နေ့က ပြီးသွားပြီ။ ကျနော့် မွေးနေ့အတွက် မတ္တရာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ဆွမ်းကပ်တယ်။ ရိုက်ကူးရေးအဖွဲ့က လူတွေ အားလုံးကို ဒံပေါက်ကျွေးတယ်။ ကျွေးတော့ ဆိတ်သားဟင်းကို ဦးခင်လှိုင် ချက်ပေးတော့ အရမ်းပျော်တယ်။ ပီတိဖြစ်ရတယ်။ အဖွဲ့ သူ အဖွဲ့ သားတွေနဲ့ ဖြတ်သန်းရတာ အရင်နှစ်တွေနဲ့ မတူဘူး။ အရမ်းပျော်ဖို့ ကောင်းတယ်”

“အနုပညာလောကထဲ ပြန်ဝင်ချိန်မှာ ဒီလိုလေး ဖြတ်သန်းရတော့ အတွေ့အကြုံသစ်လည်း ရတယ်။ ကျနော်လည်း ပျော်ပါတယ်။ မသုတို့ သဇင်ထူးမြင့်တို့က မွေးနေ့ကိတ်နဲ့ Surprise လုပ်ပေးတော့ အရမ်းပျော်တာပေါ့။ မေ့လို့မရတဲ့ အမှတ်တရတွေပါ”လို့ ထွန်းဝီရက ပြောပါတယ်။

ထွန်းဝီရကိုတော့ ကလေးသရုပ်ဆောင် တယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးလာသလို ဗီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ပညာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တဲ့ ထွန်းဝီရဟာ ရွှေကြိုပြိုင်ပွဲ ပထမအကြိမ် လူတွေ့ စစ်ဆေးတဲ့နေ့မှာပဲ သူ့ရဲ့ ဓာတ်ပုံတွေကနေတဆင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

“ရုပ်ရှင်လောကသားတွေကို စားနပ်ရိက္ခာ ထောက်ပံ့နိုင်အောင် ကြိုးစားနေရတယ်”

သီချင်းအသစ် Music Video ထွက်ဖို့ရှိတဲ့ မိုင်းမိုင်ဆိုင်း

ဆိုရှယ်မီဒီယာမှာ အပျော်တွေပဲ မျှဝေချင်တဲ့ မြနှင်းရည်လွင်

Did you find apk for android? You can find new Free Android Games and apps.
Loading