မင်းသား Benedict Cumberbatch ဟာ Spider-Man ရုပ်ရှင်အသစ်မှာ ပါဝင်လာမယ်လို့ သိရပါတယ်။ အသက် ၄၄ နှစ်အရွယ် မင်းသား Benedict ဟာ ပင့်ကူလူသားအဖြစ် တတိယအကြိမ်မြောက် သရုပ်ဆောင်မယ့် မင်းသား Tom Holland ပါဝင်လာမယ့် အဲ့ဒီရုပ်ရှင်အသစ်မှာ Doctor Strange အဖြစ် သရုပ်ဆောင်ဖို့ရှိပါတယ်။
မင်းသားဟာ “Avengers: Endgame” ရုပ်ရှင်ထဲမှာ မင်းသား Robert Downey Jr. သရုပ်ဆောင်ထားတဲ့ ကြီးကြပ်သူ Iron Man သေဆုံးခဲ့ပြီးတဲ့နောက် ပီတာပတ်ကား (သို့မဟုတ်) ပင့်ကူလူသားရဲ့ ကြီးကြပ်သူ ဖြစ်လာဖို့ ရှိပါတယ်။
မင်းသား Benedict ဟာ Doctor Strange ရုပ်ရှင်အသစ်မှာ ပြန်လည်ပါဝင် သရုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။ အခုတော့ ပင့်ကူလူသားကို Doctor Strange က ဘယ်လို လမ်းညွှန်ပို့ချမလဲဆိုတာ ပရိသတ်တွေက စောင့်မျှော်နေကြပြီလည်း ဖြစ်ပါတယ်။
အခု Spider-Man ရုပ်ရှင်အသစ်ကို လာမယ့် နိုဝင်ဘာလကျရင် Atlanta မြို့မှာ ရိုက်ကူးရေးစတင်မှာဖြစ်ပြီး Doctor Strange နောက်ဆက်တွဲ ရုပ်ရှင်ကိုတော့ အခုအောက်တိုဘာလထဲမှာပဲ ရိုက်ကူးရေး ပြုလုပ်မှာ ဖြစ်ပါတယ်။ အခုလိုမျိုး MCU ရဲ့ ရုပ်ရှင် ၂ ကားလုံးအတွက် ဇာတ်ဝင်ခန်းတွေကို မင်းသားက ဘယ်အချိန်၊ ဘယ်လို ရိုက်ကူးမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခုလိုမျိုး မင်းသား Benedict ပါဝင်မယ်ဆိုတဲ့ သတင်းဟာ ပင့်ကူလူသား ရုပ်ရှင်အသစ်မှာ ပါဝင်မယ့် သရုပ်ဆောင်စာရင်း နောက်ဆုံး ကြေညာမှုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ရုပ်ရှင်မှာ ပါဝင်မယ့် ဗီလိန် Electro အဖြစ် မင်းသား Jamie Foxx က ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။
မင်းသား Foxx ဟာ ပင့်ကူလူသားအဖြစ် မင်းသား Andrew Garfield သရုပ်ဆောင်ခဲ့တဲ့ “The Amazing Spider-Man” ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ “Spider-Man: Homecoming” နဲ့ “Spider-Man: Far From Home” ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon Watts ကပဲ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ အခုရုပ်ရှင်ကို ရိုက်ကူးမှာ ဖြစ်ပါတယ်။
အခု ဇာတ်လမ်းအတွက် အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပေမယ့် မင်းသား Holland မှာ ရုပ်ရှင်ထဲမှာ Zendaya, Marisa Tomei နဲ့ Jacob Batalon စတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ အတူ ပြန်လည် ပါဝင်လာဦးမှာဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
“Jurassic World” နဲ့ “The Batman” ရုပ်ရှင် ပြသမယ့်ရက် နောက်ဆုတ်
ကိုဗစ် ကူးစက်မှု မြင့်တက်ဆဲ အိန္ဒိယမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်ပြု
“No Time To Die” ရုံတင်မယ့်ရက်ကို လာမယ့်နှစ် ဧပြီလအထိ ရွှေ့ဆိုင်း