Entertainment

“ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးတာတွေ မလုပ်စေချင်ဘူး”လို့ ဆင်မ ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာတွေ များလာတာကြောင့် မဲဆွယ်စည်းရုံးတာတွေ မလုပ်စေချင်ဘူးလို့ သရုပ်ဆောင် ဆင်မက ဧရာဝတီကို ပြောပါတယ်။

“ကိုဗစ်သာ မဖြစ်ဘူးဆိုရင် အခုကာလ မဲဆွယ် စည်းရုံးရေးက တော်တော်ကို စည်းကားနေမှာပါ။ အခုက ကိုဗစ်ကာလမို့ လူစုလူဝေး မလုပ်ဘဲ အလံလေးပဲ ထောင်ကြပါ ဆိုပေမယ့်လည်း တချို့နေရာတွေက မရကြဘူးပေါ့။ ကျနော်တို့ ရန်ကုန်မှာသာ ပိုးတွေ့လူနာများလို့ ကြောက်နေကြတာ။ နယ်တွေမှာ သိပ်မတွေ့တော့ သူတို့က ရောဂါနဲ့ ပတ်သက်တဲ့ အသိ နည်းသေးတယ်”

“ကျနော်တို့လည်း လူစုလူဝေးနဲ့ မလုပ်ဖို့တော့ ပြောပေးနေတာပါပဲ။ ကျနော်တို့ကတော့ တတ်နိုင်သလောက် မဲဆွယ်စည်းရုံးတာတွေ မလုပ်စေချင်တော့ဘူး။ အမေစု သားသမီးတွေကလည်း အမေ့စကားကို နားထောင်ကြပါ။ စည်းကမ်း လိုက်နာပေးကြဖို့တော့ ပြောချင်တယ်”လို့ ဆင်မက ပြောပါတယ်။

လက်ရှိမှာလည်း ဆင်မ ကိုယ်တိုင်က အိမ်မှာပဲနေကာ ဖြတ်သန်းနေပြီး တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ကပ်ရောဂါ ဖြစ်တာကြောင့် အားလုံးက အခက်အခဲကို အတူ ရင်ဆိုင်နေကြတယ်လို့ ဆိုပါတယ်။

“ကျနော် Stay home နေရတာကတော့ ၃ လပိုင်းလောက်က တည်းကပေါ့။ အခုဆို ၁၀ လပိုင်းတောင် ရောက်နေပြီလေ။ စာအုပ်တွေ ဖတ်လိုက်၊ တီဗီတွေ ကြည့်လိုက်နဲ့ ဈေးဝယ်လိုက်၊ ထမင်းဟင်းချက်လိုက်နဲ့ ဒါပါပဲ။ ဒီလိုပဲ ဖြတ်သန်းနေရတာပါ။ ကမ္ဘာကပ်ရောဂါနဲ့ ရင်ဆိုင်နေရတော့ တယောက်တမျိုးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပဲ။ အဲ့အခက်အခဲတွေမှာ ကျနော်တို့ ပရိသတ်တွေလည်း ခက်ခဲနေကြမှာပါ”

“အပြင်ထွက်ပြီး အလုပ်လုပ်နေကြရသူတွေလည်း ကျန်းမာရေးဌာနက ချမှတ်ထားတဲ့အတိုင်း လုပ်ကြရင်တော့ အဆင်ပြေမှာပါ။ အရမ်းကြီးလည်း မကြောက်ကြ၊ မစိုးရိမ်ကြပဲနဲ့။ ကိုယ်တိုင် ကာကွယ်၊ ဂရုစိုက်ကြပါ။ မဖြစ်မနေ သွားရမယ့်သူတွေလောက်ပဲ သွားကြပါ။ အကြောင်းကိစ္စ ကြီးငယ် မရှိရင် မသွားကြဖို့လည်း ပြောချင်တယ်”လို့ ဆင်မက ပြောပါတယ်။

ကိုဗစ်ပိုး ရှိ၊ မရှိ စမ်းသပ် စစ်ဆေးတဲ့ စက်ကိရိယာတွေ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အတွက်လည်း များများစစ်ရင် ပိုးတွေ့သူ များများ တွေ့မှာပဲလို့ ဆိုပါတယ်။

“ကျနော်တို့ဆီလည်း အခု စက်ကိရိယာတွေက ရောက်လာတယ်။ အဲ့တော့ များများစစ်တယ်။ များများတွေ့မှာပဲ။ ကျနော်တို့လည်း အိမ်ထဲက အိမ်ပြင်မထွက်ရဲသေးဘူး။ မထွက်လိုက်ခြင်းဟာ အားလုံးအတွက် အကျိုးရှိမယ်ထင်လို့ မထွက်တာပါ။ မထွက်လို့ရတဲ့ အနေထားမို့လည်း မထွက်သေးတာပါ”လို့ ဆင်မက ဆိုပါတယ်။

COVID-19 ရောဂါ Positive လူနာများကို ကူညီပေးနေကြတဲ့ ဆရာဝန်၊ ဆရာမတွေ၊ Volunteer ပရဟိတ အဖွဲ့အစည်းတွေ အကုန်လုံးကို ကျေးဇူးတင်တယ်လို့ ဆင်မက ပြောပါတယ်။

“ကုသပေးနေကြတဲ့ ဆရာဝန်၊ ဆရာမတွေ၊ Volunteer တွေ ပရဟိတ လူငယ်တွေ အဖွဲ့အစည်းတွေ အကုန်လုံး၊ ကူညီပေးနေကြတဲ့သူ တယောက်ချင်းစီကို တကယ် ဝမ်းသာပီတိနဲ့ ကျေးဇူးတင်ပါတယ်။ သူတို့ကို ကျေးဇူးတင်သလိုပဲ Quarantine ဝင်ရောက်နေသူတွေကိုလည်း တခု မေတ္တာရပ်ခံချင်ပါတယ်။ ကွမ်းယာတွေ၊ ဆေးလိပ်တွေကို မုန့်တွေကြားမှာ ညှပ်ထားတဲ့ ပုံတွေ တွေ့တယ်”

“သူတို့ကိုလည်း ကိုယ်ချင်းစာတယ်။ သူတို့ စားချင် သောက်ချင်ကြမှာပဲ။ ကိုယ့် အာသီသလေးတခုကို အောင့်အီးပြီး ဒီ ၁၄ ရက်လေးကို သည်းခံပေးကြပါ။ အဆင်မပြေမှုတွေလည်း ကြုံပါလိမ့်မယ်။ အဲ့အဆင်မပြေမှုတွေလည်း သည်းခံပေးကြပါလို့ ပြောချင်ပါတယ်။ ကျနော် မှားတာပါရင်လည်း ခွင့်လွှတ်ပေးကြပါ”လို့ ဆင်မက ပြောပါတယ်။

သရုပ်ဆောင် ဆင်မကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ဇာတ်ပို့ သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်နေသူတဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

COVID–19 အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့တဲ့ သရုပ်ဆောင် မောင်

“အခုချိန်မှာ ကျနော်တို့လည်း ငုတ်တုတ်ထိုင်နေကြရတာ”

ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂုဏ်ပြုစကားဆိုကြတဲ့ အနုပညာရှင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading