ရုပ်ရှင်အသစ်မှာ ကလီယိုပတ်ထရာအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Gal Gadot
မင်းသမီး Gal Gadot ဟာ ကလီယိုပတ်ထရာအဖြစ် သရုပ်ဆောင်ဖို့ ရှိတယ်လို့ အတည်ပြုလိုက်ပါတယ်။ အသက် ၃၅ နှစ်အရွယ် မင်းသမီး Gadot ဟာ ၂၀၁၇ ခုနှစ်မှာ ဒါရိုက်တာ Patty Jenkins ရဲ့ “Wonder Woman” ရုပ်ရှင်နဲ့ မကြာမီရုံတင်တော့မယ့် “Wonder Woman 1984” ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားပြီး အခု သူတို့နှစ်ယောက်ဟာ ရှေးခေတ် အီဂျစ်ဘုရင်မ တပါးရဲ့ဇာတ်လမ်းကို အတူတူ ပုံဖော်ကြဦးမှာ ဖြစ်ပါတယ်။
မင်းသမီး Gadot က “ကျမက ခရီးလမ်းအသစ်တွေကို လုပ်ဆောင်ရတာ သဘောကျပါတယ်။ ဇာတ်လမ်းအသစ်တွေကို ဆောင်ယူလာမယ့် ရုပ်ရှင်အသစ်တွေ အတွက်လည်း စိတ်လှုပ်ရှားရတာမျိုး သဘောကျပါတယ်။ ကလီယိုပတ်ထရာဟာ ဟိုးအရင်ကတည်းက ကျမ ပြောပြချင်ခဲ့တဲ့ ဇာတ်လမ်း တပုဒ်ပါ” လို့ ဆိုပါတယ်။
Deadline မီဒီယာရဲ့အဆိုအရ Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ကိုင်တွယ်မယ့် အဲ့ဒီရုပ်ရှင်ကို Laeta Kalogridis က ဇာတ်ညွှန်း ရေးသားပေးမှာ ဖြစ်ပါတယ်။
မင်းသမီး Elizabeth Taylor ဟာ အော်စကာဆု ၄ ဆု ရရှိခဲ့တဲ့ ၁၉၆၃ ခုနှစ်ထွက်ရုပ်ရှင် “Cleopatra” မှာ သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်အတွက် များပြားတဲ့ ရိုက်ကူး ကုန်ကျစရိတ်ကြောင့် 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေး ဒေဝါလီ ခံရလုနီးပါး ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ကနေဒါနိုင်ငံတို့မှာ ဝင်ငွေ ဒေါ်လာ ၅၇ ဒသမ ၇ သန်းရရှိခဲ့ပြီး အဲ့ဒီနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်ခဲ့ပါတယ်။
အခုတော့ ဒါရိုက်တာ Jenkins က တတိယမြောက် Wonder Woman ရုပ်ရှင် ရှိလာမှာဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် အဲ့ဒါဟာ သူ့အတွက် နောက်ဆုံးရိုက်မယ့် ရုပ်ရှင် ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။ အခု မကြာခင် ရိုက်ကူးမယ့် ရုပ်ရှင်ကတော့ သူ့အတွက် နောက်ဆုံး ဖြစ်လာနိုင်တာကြောင့် အရာအားလုံး ပုံအော ရိုက်ကူးချင်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါရိုက်တာ Jenkins က “WW84 ရုပ်ရှင်က ကျမ ပထမဆုံး ရုပ်ရှင်မှာ အကောင်အထည် မဖော်လိုက်ရတဲ့အရာ တော်တော်များများကို လုပ်ဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ Wonder Woman မူရင်းဇာတ်လမ်းကို ပုံဖော်ရလို့ ကျမ တော်တော်လေး ပျော်ရွှင်ရပါတယ်။ အဲ့ဒါဟာ သူ့ရဲ့ဘဝ အစသာဖြစ်ပြီး သူဘာတွေ လုပ်နိုင်ခဲ့တယ်ဆိုတာ တကယ်တော့ မပါဝင်ခဲ့ပါဘူး။ သူ့ရဲ့ ခွန်အား အထွဋ်အထိပ်ကို ပြသဖို့ ကျမ စိတ်လှုပ်ရှားနေပါတယ်” လို့ ပြောပါတယ်။
ဆက်ပြီး ဒါရိုက်တာ Jenkins က “ဒါပေမဲ့ သူက ကိုယ်တွင်းရန်တွေကိုလည်း တိုက်ခိုက်နိုင်တယ်ဆိုတာ အရမ်းအရေးကြီးပါတယ်။ သူဟာ နတ်ဘုရားမတပါးဖြစ်ပြီး လူသားမျိုးနွယ်ကို ကူညီဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ မကောင်းဆိုးရွားတွေကို တိုက်ခိုက်ခဲ့ရုံ မကပါဘူး။ လူဆိုးတွေကို ဘယ်လိုတိုးတက်အောင်လုပ်လို့ရတယ်ဆိုတာကို ပြသဖို့ ကြိုးစားခဲ့ပါတယ်။ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာ ဖြစ်ပါတယ်”
“နောက်တကားကတော့ ကျမရဲ့ နောက်ဆုံး Wonder Woman ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကျမက အဲ့ဒီရုပ်ရှင်မှာ အရာအားလုံး ပုံအော ပြသချင်ပါတယ်။ တကယ့်ကိုပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
Ref: asiaone
You may also like these stories
“Wonder Woman” ရုပ်ရှင်အသစ် ရုံတင်ရက် နောက်ဆုတ်
“Justice League” ဗားရှင်းအသစ်ကို ၂၀၂၁ ခုနှစ်တွင် ပြသမည်
နောက်ထပ် “Fast & Furious” ရုပ်ရှင်မှာ ပြန်လည် ပါဝင်ဖို့ရှိနေတဲ့ မင်းသမီး Gal Gadot