လက်ရှိ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေဖန်မှု မြင့်တက်နေတဲ့ Project K အဖွဲ့ရဲ့ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှ မှတ်ချက်ပေးထားတယ်ဆိုတဲ့ ကောလာဟလ သတင်းများဟာ မဟုတ်မှန်ဘဲ အတိုင်ပင်ခံပုဂ္ဂိုလ်မှ တစုံတရာ မှတ်ချက်ပေးထားခြင်း မရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
“Project K အဖွဲ့နဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သဘောထား မှတ်ချက် တစုံတရာပြောကြားထားခြင်း လုံးဝ မရှိပါ။ လူမှုကွန်ရက်မှာ ဖော်ပြနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားတယ် ဆိုတာတွေဟာ လုံးဝ သတင်းအမှားသာ ဖြစ်ပါတယ်” လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အိမ်တော်သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှ Project K အဖွဲ့နဲ့ ပတ်သက်ပြီး “ပန်းချီကားလို ပုံဖော်ထားတာကို နင်းပြီးကတာ တကယ့်ဘုရားကို နင်းတာ မဟုတ်တဲ့အတွက် အပြစ် မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်”ဆိုတဲ့ သတင်းများပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

“အတော်များများက အကောင့်အတုတွေ ဖြစ်နေတာ တွေ့ရှိရပါတယ်။ သတင်းတု၊ သတင်းအမှားတွေဖြန့်ဖို့ ဖန်တီးထားတဲ့ အကောင့်အတုတွေ အများအပြားကနေ တင်နေကြတာ တွေ့ရပါတယ်။ ဒီလိုမျိုးအကောင့်တုတွေကို လက်ရှိမှာ စိစစ်နေဆဲ ဖြစ်ပါတယ်” လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာနိုင်ငံမှ Boy Band အဖွဲ့ တဖွဲ့ ဖြစ်တဲ့ Project K အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ “Asia Song Festival 2020” ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ဖျော်ဖြေခဲ့ကြပါတယ်။ ဒီလိုဖျော်ဖြေတဲ့အခါမှာ အောက်တိုဘာ ၁၀ ရက်နေ့က သူတို့ရဲ့ Page မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ ရွှေတိဂုံဘုရား ပုံရိပ်ကို နင်း၍ ဖျော်ဖြေတင်ဆက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ဒီလို ဝေဖန်မှုတွေ မြင့်တက်ခဲ့တာကြောင့် ကိုရီးယားနိုင်ငံဘက်မှလည်း ပြန်လည် တောင်းပန်ခဲ့ကြသလို အဆိုပါ ဗီဒီယိုဖိုင်ကိုလည်း ဖြုတ်ချခဲ့ပါတယ်။ ကာယကံရှင်တွေ ဖြစ်ကြတဲ့ Project K အဖွဲ့မှလည်း သူတို့ရဲ့ပေါ့ဆမှုကြောင့်ဖြစ်ခဲ့ရတဲ့ အမှားတခုအတွက် ပြန်လည် တောင်းပန်မှုများလည်း ပြုလုပ်ခဲ့ကြပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ညမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့မှာ တောင်ကိုရီးယားနိုင်ငံမှ ပြန်လည် ရောက်ရှိလာမယ့် Project K အဖွဲ့ကို လူတစုမှ စောင့်ကြိုကာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
You may also like these stories:
အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ Project K အဖွဲ့မှ တောင်းပန်
မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ကိုရီးယားမှာ သွားဖျော်ဖြေမယ့် Project K အဖွဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်အောင် ရှေ့ဆက်ကြိုးစားမယ့် Project K အဖွဲ့