၁၉၂၀ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ဒီနှစ် ၁၀၀ သက်တမ်းမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်များက ရုပ်ရှင်နဲ့ ပတ်သက်တဲ့အမှတ်တရများ ၊ ဖြတ်သန်းမှုများ၊ အမှတ်တရ စကားများကို အခုလိုပဲ ပြောပြခဲ့ကြပါတယ်။
အကယ်ဒမီ နေတိုး
“အခုဆိုရင် မြန်မာ့ရုပ်ရှင်ဟာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ နှစ် ၁၀၀ ပြည့်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျနော့်ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ပြည့်တဲ့နေ့လည်း ဖြစ်နေပါတယ်။ အခုလိုရုပ်ရှင်နှစ် ၁၀၀ ပြည့်မှာ မုဒိတာစကား ပြောခွင့်ရလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျနော်တို့အနေနဲ့ နှစ် ၁၀၀ ပြည့်တဲ့အချိန်မှာ ပရိသတ်တွေအတွက် ကြီးမားတဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ ပွဲလမ်းတွေကို မလုပ်ပေးနိုင်တဲ့အတွက်လည်း အားလုံးခွင့်လွှတ် နားလည်ပေးဖို့အတွက်ကို တောင်းပန်ချင်ပါတယ်။
နောက်တခုက ကျနော်တို့ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခွင့်ရတဲ့အချိန်မှာ ကျနော်တို့အနုပညာ ညီအစ်ကို မောင်နှမတွေ အားလုံးက ရုပ်ရှင်တိုးတက် အောင်မြင်ဖို့အတွက် အတိုးချပြီး ကြိုးစားဖို့ ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။ ကျနော်လည်း အခုရောက်ရှိနေတဲ့ နေရာလေးကနေ ရုပ်ရှင်နဲ့ ပရိသတ်အတွက် အမြဲတမ်း ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။
ရုပ်ရှင် နှစ် ၁၀၀ မှသည် နောက်နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပါစေလို့လည်း ဒီနေရာကနေ ဆုတောင်းချင်ပါတယ်။ မိဘပြည်သူ မောင်နှမတွေအားလုံး ကျန်းမာချမ်းသာပြီးတော့ ကပ်ဘေးအန္တရာယ်ဆိုးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ”
သရုပ်ဆောင် အလင်းရောင်
“အခုလိုမျိုး ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ ဝမ်းသာစကားပြောရတဲ့အတွက် အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်ရပါတယ်။ ကျနော် ရုပ်ရှင် အနုပညာလောကကို ဝင်ရောက်လာတာ ၂၀၁၀ ခုနှစ် ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာတော့ မော်ဒယ်အနေနဲ့ ၂၀၀၈ ခုနှစ်ကတည်းက လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး ၁၀နှစ်တာကာလမှာ အမှတ်ရစရာတွေကတော့ အများကြီးပဲပေါ့။ အဲ့ထဲမှာမှ ကျနော် ပထမဆုံးရိုက်ကူးခွင့်ရတဲ့ “ရည်းစားဦး” ဆိုတဲ့ ရုပ်ရှင်ကားကလည်း ကျနော့်ရဲ့အမှတ်တရတွေထဲက တခုပေါ့။ နောက်ပိုင်းမှာလည်း ကျနော်ရုပ်ရှင်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးခွင့် ရခဲ့တယ်။
၁၀ နှစ်တာ ကာလမှာ အမှတ်ရစရာတွေကတော့ အများကြီးပဲပေါ့။ အဲ့ထဲမှာမှ အခုလိုမျိုး ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲနဲ့ ကြုံကြိုက်ရတယ်ဆိုတာ အမှတ်ရစရာတွေထဲက တခုပါပဲ။
အခုလိုမျိုး မြန်မာ့ရုပ်ရှင်ကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကနေ အခုအချိန်ထိ လက်ဆင့်ကမ်းခဲ့ကြတဲ့ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခဲ့ကြတဲ့ ဆရာသမားတွေ အားလုံးကို ကျနော်က ဒီကနေပြီးတော့ ဂါရဝပြုအပ်ပါတယ် ခင်ဗျာ။ ကျနော်တို့လူငယ်တွေအနေနဲ့လည်း နောင်အနာဂတ်မှာ မြန်မာ့ရုပ်ရှင်ကို ဒီထက်တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ကြပါစေ။
မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ကနေပြီးတော့ နောင်နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည် တည်တံ့ပါစေ။ ကျနော်တို့မြန်မာ့ရုပ်ရှင်ဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ရုပ်ရှင်ကားကောင်းတွေ အများကြီး ရိုက်ကူးထုတ်လုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျနော်တို့ လူငယ်တွေအနေနဲ့လည်း တထောင့်တနေရာက တိုးတက်ကောင်းမွန်အောင် ကြိုးစားသွားပါမယ်”
အကယ်ဒမီ ဝတ်မှုံရွှေရည်
“အခုဆိုရင် မြန်မာ့ရုပ်ရှင်ဟာ နှစ် ၁၀၀ တိုင်ခဲ့ပါပြီ။ ကစ်ရဲ့အနုပညာသက်တမ်းကတော့ အခုဆိုရင် ၁၅ နှစ် ပတ်ဝန်းကျင် ရှိခဲ့ပြီ။ ၁၅ နှစ် သမီးလေးပေါ့။ ဒီဖြတ်သန်းလာတဲ့ ၁၅ နှစ် အတွင်းမှာလည်း အတွေ့အကြုံကောင်းတွေ၊ အနုပညာဝမ်းစာတွေ ဖြည့်ရင်းနဲ့ ဖြတ်သန်းလာခဲ့တာလည်း ဒီနေ့အထိပါပဲ။ ဒီ ၁၅ နှစ်အတွင်းမှာလည်း ထူးချွန်ဆု ၂ ဆုကို ရရှိခဲ့တယ်။ ပိုင်ဆိုင်ခဲ့တယ်။ ဒါကလည်းကစ်ဘဝရဲ့အမှတ်တရ မှတ်တိုင်ပါပဲ။
အားလုံးလည်းသိတဲ့အတိုင်း မြန်မာ့ရုပ်ရှင်ဟာ ဖလင်ခေတ်ကနေ ဒီဂျစ်တယ်ခေတ်ကို ပြောင်းလဲလာပြီဖြစ်ပါတယ်။ ကင်မရာကအစ မီးတွေအစ စနစ်တွေဟာဆိုရင် နိုင်ငံတကာအဆင့် မီလာတယ်လို့ ပြောရမှာပေါ့။ ရုပ်ရှင်ခေတ် ငွေရတု ၊ ရွှေရတု ၊ စိန်ရတုခေတ်တွေမှာလည်း ဂန္တဝင်မြောက်တဲ့ ရုပ်ရှင်ကားတွေပေါ်ပေါက်ခဲ့သလိုမျိုး အခုဖြတ်သန်းနေရတဲ့ နှစ် ၁၀၀ နဲ့ နှစ် ၁၀၀ အလွန်ကာလတွေမှာလည်း တကယ်ကို ဂန္တဝင်မြောက်တဲ့ ရုပ်ရှင်ကားကောင်းတွေ ဖန်တီးခွင့်ရအောင် ကြိုးစားသွားပါမယ်လို့ ဆန္ဒပြုပါတယ်”
သရုပ်ဆောင် ဘုန်းလျှံ
“ကျနော် သရုပ်ဆောင်ဘဝကို “ပကတိ” ဆိုတဲ့ ဇာတ်ကားလေးနဲ့အတူ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) ကုမ္ပဏီကနေ နိုင်းနိုင်းရယ်၊ ကျနော်ရယ်၊ စိုးမြတ်နန္ဒာနဲ့ အဲ့ကားကနေ စပြီးတော့ ကျနော်သရုပ်ဆောင်ဘဝကို စပြီးတော့ လျှောက်လှမ်းခဲ့တာပါ ခင်ဗျာ။ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်လည်းဖြစ်တဲ့အတွက် မြန်မာ့ရုပ်ရှင်သည် ဒီထက်မက ဆထက်တံပိုး တိုးတက် အောင်မြင်နိုင်ပါစေ။
နောင်နှစ်ပေါင်းမြောက်များစွာလည်း ဒီထက်မက အောင်မြင်မှုတွေနဲ့ အတူတူ ရှေ့ဆက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကိုဗစ်ကာလကြီး ပြီးရင်လည်း မြန်မာ့ရုပ်ရှင်ဟာ ဒီထက်မကတိုးတက်အောင်မြင်လာမှာကို ယုံကြည်ပါတယ်”
You may also like these stories:
မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်းနှစ် ၂၀ ပြည့်ခဲ့တဲ့ နေတိုး
ဗစ်ကြောင့် မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲကို ရက်ရွှေ့ထား
ကိုဗစ်ကြောင့် မြန်မာ့ရုပ်ရှင် ရာပြည့် ဖျော်ဖြေပွဲကို မသွားဖြစ်တဲ့ ဖြူဖြူကျော်သိန်း