“အောင်ဆန်း” ရုပ်ရှင် ရိုက်ကူးရေးကို ဒါရိုက်တာအနေနဲ့ တာဝန်ယူခဲ့တဲ့ လူမင်းက ဒီကားမှာ ခေတ်နဲ့ အံဝင်ခွင်ကျ လွဲချော်မှုတွေ ပါနိုင်တာကြောင့် သတိကြီးစွာထားပြီး ရိုက်ရခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အောင်ဆန်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၄ ရက်နေ့က စတင် ရိုက်ကူးခြင်း အခမ်းအနားနဲ့ စတင်ခဲ့ပြီး စရိုက်ခဲ့တာ ရိုက်ရက်ချည်းပဲ ပြင်ဆင် ရက်မပါ ရက်ပေါင်း ၁၀၀ ကျော် မရပ်မနား ရိုက်ခဲ့ပြီးပါပြီ။ ပြင်ဆင်ရတာကတော့ မရိုက်ခင် အချိန်အထိ သတိထား ပြင်ဆင်နေရတုန်းပါပဲ။ သတိလေး တချက် လွတ်တာနဲ့ ထင်ယောင်ထင်မှား ဖြစ်စရာတွေက အမြဲရှိနေတာ။ ခေတ်နဲ့ အံဝင်ခွင်ကျ လွဲချော်မှုတွေက ပါနိုင်တာဆိုတော့ ကျနော်တို့ သတိကြီးစွာထားပြီး ရိုက်ရပါတယ်”
“တချို့ သမိုင်းအချက်အလက်တွေဟာ ကျနော်တို့က စာအုပ်စာတမ်းတွေကိုပဲ ကိုးကားရတဲ့အခါကျတော့ တချို့ စာအုပ်တွေမှာ တမျိုး၊ တချို့စာအုပ်တွေမှာ နောက်တမျိုး ဖြစ်နေတာတွေ ရှိတယ်။ အဲ့ဒါမျိုးကျတော့ သမိုင်းအဖွဲ့တွေနဲ့ အတည်ပြုချက် ယူပြီးတော့ ဘယ်အချက်ကို ယူမလဲလို့ တိုင်ပင်ပြီး အတည်ပြုချက်ယူပြီး ရိုက်ရတာတွေ ရှိတယ်”လို့ လူမင်းက ပြောပါတယ်။
“အောင်ဆန်း” ရုပ်ရှင်အတွက် အဝတ်အစား ကုန်ကျစရိတ်တွေကိုလည်း အများကြီး အကုန်အကျခံထားတယ်လို့ လူမင်းက ဆိုပါတယ်။
“အဝတ်အစားတွေအတွက်လည်း အများကြီး အကုန်အကျခံထားပါတယ်။ စစ်ဝတ် စစ်စားတွေဆိုရင်လည်း ရာနဲ့ ချီပြီးတော့ အကုန်ကျခံပြီး ချုပ်ရတယ်။ စစ်ဖိနပ်တွေက အစပေါ့။ ဟိုခေတ်ကလို ဖြစ်အောင် ချုပ်ရတယ်။ အဝတ်အစားဆိုရင်လည်း Costume ဒီဇိုင်နာ Team က အားကောင်းပါတယ်။ ဒီဇိုင်နာလောကမှာ နာမည်ကြီးနေတဲ့သူတွေပဲ ပေါင်းစပ်ပြီး ဝိုင်းဝန်း ကူညီကြတယ်”
“အားလုံး သတိထားပြီးတော့ လုပ်ကြပါတယ်။ အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေး ကော်မတီကိုက သမ္မတရုံးရဲ့ ခွင့်ပြုချက်နဲ့ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ဝန်ကြီးဌာနပေါင်းစုံကလည်း အားတက်သရော ဝိုင်းဝန်းကူညီကြပါတယ်”လို့ လူမင်းက ပြောပါတယ်။
လူအင်အားအတွက် ဒေသခံတွေက ကူညီကြသလို တပ်မတော်သားတွေကလည်း ကူညီကြတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က သမိုင်းနောက်ခံ ဇာတ်ကားဖြစ်တဲ့အတွက် သမိုင်းကြောင်းအရ ကျနော်တို့ ဇာတ်က ညွှန်းတဲ့နေရာတွေကို မဖြစ်မနေ သွားရတာတွေ ရှိပါတယ်။ ရေနံချောင်းမှာ သခင်ဖိုးလှကြီး ဆန္ဒပြတဲ့အခန်းဆိုရင် လူအင်အား ၅၀၀ လောက်နဲ့ ကျနော်တို့ ရိုက်ရတယ်။ ဒီလူအင်အား ၅၀၀ ကလည်း ဒေသခံတွေ ပါပဲ။ ဒီလို လူအင်အားအတွက် ဒေသခံတွေ ကူညီကြတယ် ဆိုပေမယ့်လည်း ကျနောတို့ ရုပ်ရှင်ကြောင့် ကူညီတဲ့ ပရိသတ်တွေ၊ ပြည်သူတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့။ ပါတဲ့သူတွေကို အဝတ်အစားတွေ ဆင်တယ်”
“အဲ့နေ့တရက်အတွက် ရုပ်ရှင်မှာ ပါဝင်ပေးရတဲ့အတွက် သူတို့ အလုပ်အကိုင် ပျက်တာတွေ ရှိမယ်။ အဲ့အတွက် တတ်နိုင်သလောက် နေ့တွက် စရိတ်လေး ပံ့ပိုးပြီးမှ သူတို့ကိုခေါ်ပြီး ရိုက်တာ ဖြစ်ပါတယ်။ တပ်မတော်သားတွေလည်း အင်အား ၂၀၀ လောက် ကူညီပါတယ်။ သူတို့ကိုလည်း သွားရေးလာရေး၊ စားရေးသောက်ရေး လိုအပ်ချက်တွေကို ကျနော်တို့ဘက်က ပြန်ပြီး ကူညီပြီး ပေါင်းစပ် ရိုက်ကူးခဲ့ပါတယ်”လို့ လူမင်းက ဆိုပါတယ်။
“အောင်ဆန်း” ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက စတင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်မှာ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေအပြင် မျက်နှာသစ်သရုပ်ဆောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဝါရင့် သရုပ်ဆောင်တွေအနေနဲ့ လူမင်း၊ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“အောင်ဆန်း” ရုပ်ရှင်မှာ ပါဝင်ကြမယ့် သရုပ်ဆောင်များရဲ့ စကားသံများ
“ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးကို အားအရဆုံးပဲ”လို့ လူမင်း ပြော
ဂဠုန်ဦးစော ဇာတ်ရုပ် လူပြောင်းတဲ့အကြောင်း ပြောပြတဲ့ လူမင်း