K-pop ယဉ်ကျေးမှုဆိုင်ရာ အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ စစ်မှုထမ်းရမယ့်ကာလ ရွှေ့ဆိုင်းနိုင်ခွင့်ကို တောင်ကိုရီးယားနိုင်ငံသား ၆၀ ရာခိုင်နှုန်းနီးပါးက ထောက်ခံကြတယ်လို့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မဲစာရင်းတခုမှာ တွေ့ရပါတယ်။
Realmeter ကနေ အသက် ၁၈ နှစ်နဲ့အထက် လူပုဂ္ဂိုလ် ၅၀၀ ကျော်ထံ မဲကောက်ယူခဲ့ပြီး အဲ့ဒီအထဲကတုံ့ပြန်သူ ၅၈ ဒသမ ၈ ရာခိုင်နှုန်းလောက်က လက်ရှိ ဥပဒေကို ပြန်လည် သုံးသပ်ဖို့ အစိုးရရဲ့ ကြိုးပမ်းချက်တွေကို သဘောတူတဲ့အကြောင်း ပြောဆိုထားကြပါတယ်။
အဲ့ဒီ စစ်တမ်းကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး TBS ရေဒီယို ချန်နယ်ကနေ ကမကထ ပြုခဲ့တာ ဖြစ်ပါတယ်။ မဲပေးခဲ့သူ ၃၁ ဒသမ ၄ ရာခိုင်နှုန်းလောက်က အဲ့ဒီအစီအစဉ်ကို ကန့်ကွက်ခဲ့ပြီး ကျန်ရှိတဲ့ ၉ ဒသမ ၈ ရာခိုင်နှုန်းကတော့ မသေချာတဲ့အကြောင်း ဖြေဆိုခဲ့ကြပါတယ်။ မေးခွန်းတွေကို မေးမြန်းတဲ့အခါမှာတော့ ဘယ် ပေါ့ပ်စတားရဲ့ နာမည်ကိုမှ ဖော်ပြထားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့တုန်းကတော့ တကယ်လို့ ယဉ်ကျေးမှုဝန်ကြီးရဲ့ ထောက်ခံမှု ရှိမယ်ဆိုရင် စစ်မှုထမ်းကာလကို နာမည်ကျော် ယဉ်ကျေးမှုဆိုင်ရာ အနုပညာရှင်တွေအနေနဲ့ ရွှေ့ဆိုင်းခွင့် ရနိုင်ဖို့ စစ်မှုထမ်းဥပဒေကို ပြန်လည်သုံးသပ်ရေး တွန်းအားပေးမယ်လို့ စစ်တပ်လူ့စွမ်းအား စီမံခန့်ခွဲရေးဌာနက ကြေညာခဲ့ပါတယ်။
ဥပဒေအရ နိုင်ငံ့ရဲ့နာမည် ဂုဏ်သတင်းကို နိုင်ငံရပ်ခြားနိုင်ငံတွေမှာ ကျော်ကြားအောင် ပြုလုပ်ပေးခဲ့တဲ့နေရာမှာ အသိအမှတ်ပြုခံရတဲ့ နိုင်ငံတကာဆုရ အားကစားသမားတွေနဲ့ ဂန္တဝင်အနုပညာရှင်တွေအတွက် စစ်မှုထမ်း ကင်းလွတ်ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေကို ပေးလေ့ ရှိပါတယ်။
အခုနောက်ပိုင်းတော့ Billboard Hot 100 ဇယားမှာ “Dynamite” သီချင်းနဲ့ ထိပ်ဆုံးကို BTS အဖွဲ့ရောက်ခဲ့ပြီးတဲ့နောက် အခုလို K-pop အနုပညာရှင်တွေကိုလည်း မျက်နှာသာပေးသင့်တယ်ဆိုတဲ့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
စစ်မှုထမ်းကာလရွှေ့ဆိုင်းဖို့ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရနဲ့ ပရိသတ်တွေကြားမှာ လှုပ်လှုပ်ရွရွ ဖြစ်နေပေမယ့် BTS နဲ့ သူတို့ရဲ့အေဂျင်စီဘက်ကတော့ တိတိပပ ပြောဆိုတာမျိုး မရှိသေးပါဘူး။ တကယ်လို့ စစ်မှုထမ်းကာလကို ရွှေ့ဆိုင်းခွင့်ရရှိခဲ့မယ်ဆိုရင်တော့ အသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်တဲ့ Jin ဟာ နောက်ထပ် ၂ နှစ်အတွင်း နောက်ဆုံးထားပြီး စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။
အရင်တုန်းကတော့ BTS အဖွဲ့ဝင်တွေအားလုံးဟာ အတူတူ စစ်မှုထမ်းကြမှာဖြစ်တယ်လို့ အေဂျင်စီဘက်ကနေ ပြောဆိုထားခဲ့ဖူးပါတယ်။
Ref: Yonhap
You may also like these stories:
Project K အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ မှတ်ချက် တစုံတရာ ပြောထားခြင်း မရှိ
ပထမဆုံး “Wonder Woman” ရုပ်ရှင်အတွက် ဒေါ်လာ ၃ သိန်းသာရခဲ့တဲ့ Gal Gadot
“Spider-Man 3” နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်ဖို့ မင်းသား Tobey Maguire ဆွေးနွေးနေ