အလှမယ်တဦး ဖြစ်သလို၊ သီချင်းတွေလည်း ဆိုတဲ့ မေမြတ်နိုးကတော့ လက်ရှိမှာတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မော်ဒယ်တယောက် အနေနဲ့ သွားရောက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
“အခု တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီကို ရောက်နေတာကတော့ မြတ်နိုး ဒီမှာ Modelling လာလုပ်နေတာ ဖြစ်ပါတယ်။ အေဂျင်စီကတော့ JS အေဂျင်စီပေါ့။ ရောက်နေတာကတော့ သြဂုတ်လကတည်းက ရောက်နေတာပါ။ နောက်လကျရင်တော့ တခြားနိုင်ငံကို သွားဖို့ ရှိပါတယ်” လို့ မေမြတ်နိုးက ပြောပါတယ်။
ကိုရီးယားကိုတော့ သြဂုတ်လအတွင်းက ရောက်ရှိနေတာဖြစ်ပြီး လုပ်ကိုင်နေရတဲ့ အလုပ်တွေရဲ့ အကြောင်းအရာများကို ပရိသတ်များကို ချပြလို့ မရသေးတာကြောင့် ထွက်လာတဲ့အခါမှာ ကြည့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီမှာလုပ်တဲ့အလုပ်တွေက Behind the scene တွေက တင်လို့ မရဘူး။ မြန်မာပြည်မှာလည်း အခုနောက်ပိုင်းဆို တင်လို့မရဘူးပေါ့နော်။ အဲဒါကြောင့် ထွက်လာတော့မှာပဲ တင်ပေးရမှာဆိုတော့ မြတ်နိုးအလုပ်တွေ လုပ်နေတယ်။ ပုံတွေ မတက်လာပေမယ့် မြတ်နိုး ရှိပါတယ်လို့။ မြတ်နိုးကို အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ မေမြတ်နိုးက ပြောပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ကတော့ မေမြတ်နိုးရဲ့ အသက် ၂၂ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး မွေးနေ့မှာ ကိုယ်တိုင်အလှူ မလုပ်နိုင်ပေမယ့် မိခင်ဖြစ်သူက ကိုယ်စားအလှူ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။
“ဒီနှစ်မှာတော့ မြတ်နိုးက ကိုရီးယားကို ရောက်နေတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေကတော့ မြတ်နိုး ပရဟိတ လုပ်ဖြစ်တယ်။ မွေးနေ့တိုင်းမှာ AIDS ရောဂါပိုး ရှိတဲ့ ကလေးတွေ၊ မိဘမဲ့ကလေးကျောင်းမှာ သွားပြီးတော့ လှူဖြစ်တယ်။ ဒီနှစ်တော့ မြတ်နိုး မရှိပေမယ့် မေမေက ကိုယ်စား ပြုလုပ်ပေးထားတယ်။ အဲ့အတွက် စိတ်ချမ်းသာပါတယ်” လို့ မေမြတ်နိုးက ပြောပါတယ်။
မေမြတ်နိုးက မိခင်ဖြစ်သူကိုလည်း ကျေးဇူးတင်စကား အခုလို ပြောထားပါသေးတယ်။
“၂၂ နှစ် ပြည့်သွားပါပြီ။ ဒီနေရာကနေ မြတ်နိုးရဲ့ဘေးနားကနေ အမြဲတမ်း Support ပေးနေတဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်။ မေမေ့ကြောင့် မြတ်နိုး ဒီနေရာရောက်လာတာလည်း ဖြစ်ပါတယ်။ မြတ်နိုးရဲ့ဘေးမှာ အမြဲတမ်းချစ်ပေးပြီး၊ ရှိနေပေးကြတဲ့ မြတ်နိုးရဲ့မိသားစုရယ်၊ ကျောင်းနေဘက် သူငယ်ချင်းတွေရယ် အနုပညာလောကက သူငယ်ချင်းတွေရယ်၊ ဖန်တွေလည်း ကျေးဇူးတင်ပါတယ်”လို့ မေမြတ်နိုးက ပြောပါတယ်။
လက်ရှိမှာတော့ ကိုရီးယားနိုင်ငံမှာ မော်ဒယ်တယောက်အနေနဲ့ လုပ်ကိုင်နေပေမယ့် နောက်လမှာ တခြားနိုင်ငံကို သွားဖို့ရှိတယ်လို့ သိရပါတယ်။
“မြတ်နိုး မြန်မာနိုင်ငံကအတွက်ရော၊ Modelling လောကက သူတွေအတွက်ရော အများကြီး ကြိုးစားနေပါတယ်။ မြတ်နိုးတယောက်တည်းအတွက် ကြိုးစားနေတာ မဟုတ်ပါဘူး။ အဲ့အတွက် အားပေးကြပါ” လို့ မေမြတ်နိုးက ပြောပါတယ်။
အဆိုပါအကြောင်းအရာများကို မေမြတ်နိုးက သူ့ရဲ့ Facebook Page မှတဆင့် ပရိသတ်များနဲ့ Live လွှင့်ကာ ပြောပြခဲ့တာ ဖြစ်ပါတယ်။ မေမြတ်နိုးကိုတော့ ၂၀၁၃ ခုနှစ်၊ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်များက သိရှိကြတာများပြီး နောက်ပိုင်းမှာတော့ အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပါတယ်။
You may also like these stories:
“အောင်ဆန်း” ရုပ်ရှင်ကို ရက်ပေါင်း ၁၀၀ ကျော် သတိကြီးစွာ ရိုက်ခဲ့ရတဲ့ လူမင်း
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အတွက် အမှတ်တရ စကားများ
Project K အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ မှတ်ချက် တစုံတရာ ပြောထားခြင်း မရှိ