အနုပညာလောကနဲ့ အချိန် ၁၁ နှစ်လောက် ဝေးကွာခဲ့တဲ့ သရုပ်ဆောင် မင်းထက်ကျော်ဇင်က စီးပွားရေး လုပ်ကိုင်နေတာကြောင့် အနုပညာနဲ့ အဆက်ပြတ်သလို ဖြစ်သွားတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“အနုပညာနဲ့ ဝေးကွာသွားတာက ၂၀၀၉ ခုနှစ်မှာ ကျနော် ဝမ်းဖိုးဖိုက် ဗီဒီယိုထုတ်လုပ်ရေးနဲ့ ချုပ်ထားတဲ့ စာချုပ်က ပြည့်သွားတယ်။ ပြည့်သွားပြီး နောက်ထပ် ကားမရိုက်ဖြစ်ဘူး။ အဲ့နောက်ပိုင်း နယ်တွေ မှာ သီချင်းပဲ ဆိုတယ်။ ၂၀၁၀ ကျတော့ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပြီးတော့ စီးပွားရေး လုပ်ဖြစ်သွားတယ်။ အဲ့မှာ အနုပညာ မလုပ်ဖြစ်ဘဲ စီးပွားရေးဘက် ရောက်သွားတယ်”
“၁၀ တန်းပြီးကတည်းက အနုပညာပဲ လုပ်လာတော့ ဘာမှ အတွေ့အကြုံ မရှိဘူး။ သင်ယူစရာတွေ များတယ်။ စီးပွားရေး လုပ်ငန်းထဲမှာ ကျင်လည်နေတာနဲ့ အနုပညာလောကနဲ့ အဆက်ပြတ်သလို ဖြစ်သွားတာပေါ့။ ၁၀ စုနှစ် တခုကျော် နားလိုက်တာပေါ့။ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ စီးရီးတကား ပြန်ရိုက်ဖြစ်တာပေါ့”လို့ မင်းထက်ကျော်ဇင်က ပြောပါတယ်။
အနုပညာတွေ ပြန်လုပ်မယ့်အချိန်မှာ ကိုဗစ်ကာလ ဖြစ်နေတာကြောင့် အနုပညာမှာ ထိခိုက်တာ မရှိပေမယ့် စီးပွားရေးအနေနဲ့ကတော့ ထိခိုက်တယ်လို့ ဆိုပါတယ်။
“အနုပညာတွေ ပြန်လုပ်မယ့်အချိန် ကိုဗစ်ဖြစ်တာကြောင့်တော့ အနုပညာလုပ်မှာကို ထိခိုက်သွားတာတော့ မရှိဘူး။ နားပြီးတော့ အနုပညာ မလုပ်ဘဲ နေခဲ့တာ ၁၁ နှစ်လောက် ရှိပြီဆိုတော့ ကျနော့် အနေနဲ့ အနုပညာလုပ်မှာကိုတော့ ထိခိုက်တာ မရှိဘူး။ စီးပွားရေးအနေနဲ့ ထိခိုက်တာပေါ့။ အဆင်ပြေမယ့် ဇာတ်ကားလေးတွေတော့ တနှစ်တကား၊ ၂ ကားလောက်တော့ ပြန်ရိုက်မယ်လို့တော့ စဉ်းစားထားတယ်”လို့ မင်းထက်ကျော်ဇင်က ဆိုပါတယ်။
အနုပညာပိုးက မသေသွားတာကြောင့် အနုပညာ ဆက်လုပ်ဖို့ စဉ်းစားခဲ့တာဖြစ်ပြီး အားပေးတဲ့ ပရိသတ်တွေအပေါ်လည်း ဆယ်စုနှစ် တခုကြာ အကြွေးတင်သလို ခံစားရတယ်လို့ ဆိုပါတယ်။
“အနုပညာပိုးကလည်း သေမသွားဘူး။ မနှစ်က တပ်မတော် ဂုဏ်ပြုဇာတ်လမ်း ပြန်ရိုက်ပြီး ပရိသတ်နဲ့ ထိတွေ့ချိန်မှာ ပရိသတ်က ကြိုဆိုနေကြတုန်းပဲ။ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ်။ အဲ့တော့ ပရိသတ်ပေါ်မှာ ဆယ်စုနှစ် တခုကြာ အကြွေးတင်သွားတယ်လို့လည်း ခံစားရတယ်။ အဲ့တော့ ဘာပဲပြောပြော ဇာတ်ကားတွေ အများကြီး မဟုတ်ရင်တောင် မတူတဲ့ ပုံစံနဲ့တော့ ပရိသတ်တွေ ရှေ့ကို ပြန်လာမယ်”လို့ မင်းထက်ကျော်ဇင်က ပြောပါတယ်။
သားဖြစ်သူကိုလည်း အနုပညာ ဝါသနာပါရင် ပံ့ပိုးပေးသွားမယ်လို့ မင်းထက်ကျော်ဇင်က ဆိုပါတယ်။
“သားကတော့ သူဝါသနာ ပါတယ်၊ လုပ်မယ် သေချာရင်တော့ ပံ့ပိုးပေးဖို့ ကျနော်က အဆင်သင့်ပါပဲ။ သူ့ မွေးတုန်းကလည်း မေးကြတယ်။ သားကို မင်းသား ပေးလုပ်မလားပေါ့။ အဲ့တုန်းကတည်းက ကျနော့် စိတ်ကလည်း သား အနုပညာကို ဝါသနာပါပြီး ဖြစ်အောင် လုပ်မယ်၊ စိတ်အားထက်သန်တယ်ဆိုရင် ကျနော်က ပံ့ပိုးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ မင်းထက်ကျော်ဇင်က ပြောပါတယ်။
သရုပ်ဆောင် မင်းထက်ကျော်ဇင်ကတော့ အနုပညာအလုပ်တွေနဲ့ ၁၁ နှစ်ကျော် ဝေးကွာခဲ့ပြီးနောက်မှာ အိမ်ထောင်ကျခဲ့ပြီး လက်ရှိမှာ ဇနီးဖြစ်သူ၊ သားလေး တယောက်နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။
You may also like these stories:
ဆိုရှယ်မီဒီယာမှာ အပျော်တွေပဲ မျှဝေချင်တဲ့ မြနှင်းရည်လွင်
“ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးတာတွေ မလုပ်စေချင်ဘူး”လို့ ဆင်မ ပြော
“အောင်ဆန်း” ရုပ်ရှင်ကို ရက်ပေါင်း ၁၀၀ ကျော် သတိကြီးစွာ ရိုက်ခဲ့ရတဲ့ လူမင်း