မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်းကတော့ အနုပညာလောကထဲ ဖြတ်သန်းလာတာ ၁၈ နှစ် တိုင်ခဲ့ပြီလို့ ဆိုပါတယ်။
“ကျနော်က ၂၀၀၂ ၊ ၂၀၀၃ လောက်က ကျနော့် အစ်ကို ကိုကျော်ဇင်ထွဋ်ကနေတဆင့် ဦးကျော်ဟိန်းဆီကိုရောက်၊ ဦးကျော်က လက်တွဲခေါ်လို့ ကျနော်ရုပ်ရှင်လောကထဲ ရောက်လာတာပေါ့။ ကျနော် အခု အနုပညာလောကမှာ ရပ်တည်နေတာ ၁၇ နှစ်ကျော်၊ ၁၈ နှစ် ရှိပြီပေါ့။ ဒီကာလအတွင်း ကျနော်ကြိုးစားရင်း ၂၀၁၆ ခုနှစ်မှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အကယ်ဒမီကို အုပ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်”

“အခုချိန်မှာ အကယ်ဒမီ ထွန်းထွန်းအနေနဲ့ အနုပညာလုပ်ငန်းတွေ အကောင်းဆုံး ကြိုးစား လုပ်ဆောင်နေပါတယ်။ ကျနော့်ကို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ပရိုဂျူဆာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက ကျနော့်အပေါ်မှာ အကောင်းဆုံး တည်ဆောက်ပေးခဲ့တဲ့အတွက် အကယ်ဒမီ ထွန်းထွန်း အနေနဲ့ ရပ်တည်ခွင့်ရနေတာ ဖြစ်ပါတယ်။ ကျနော့်ကို ချစ်ခင်နေကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။
ခေတ်အဆက်ဆက် ရုပ်ရှင်ဇာတ်ကားကောင်းတွေ ထွက်ရှိခဲ့သလို တချိန် နောင်လာနောက်သားတွေ အနေနဲ့ ဇာတ်ကားကောင်းတွေ အများကြီး ထွက်ပေါ်လာနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ကျနော်က မြန်မာ့ရုပ်ရှင်ကို အရမ်းချစ်ပြီး အားပေးခဲ့တဲ့သူ တယောက်ပါ။ ရုပ်ရှင်ရုံတွေမှာ တန်းစီပြီး ကြည့်ခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ သွားကြည့်တယ်။ ကျနော် ကိုယ်တိုင်လည်း တီဗီကနေ ပြတဲ့ ဇာတ်ကားဟောင်းတွေကို အခုချိန်ထိလည်း မြတ်နိုးပြီး ကြည့်ပါတယ်။ ကျနော့် ရင်ထဲမှာ ရည်မှန်းချက်တခု ရှိပါတယ်”
“ခေတ်အဆက်ဆက် ရုပ်ရှင်ဇာတ်ကားကောင်းတွေ ထွက်ရှိခဲ့သလို၊ တချိန်ကျရင် နောင်လာနောက်သားတွေ ကြည့်တဲ့အခါ ဇာတ်ကားကောင်းတွေ ဖြစ်အောင် ကြိုးစားသွားပါဦးမယ်။ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည် တည်တံ့ပါစေ။ ဒီထက်လည်း တိုးတက် ကောင်းမွန်ပြီး နိုင်ငံတကာကို မှန်မှန်ကန်ကန် ထိုးဖောက်နိုင်တဲ့ ဇာတ်ကားကောင်းတွေ ပေါ်ထွက်နိုင်ပါစေ”လို့ ထွန်းထွန်းက ပြောပါတယ်။

အကယ်ဒမီ ထွန်းထွန်းကတော့ ဂီတဘက်မှာလည်း အဆိုတော် ထွန်းထွန်း (Examplez) အနေနဲ့ အောင်မြင်ခဲ့သလို သရုပ်ဆောင်ဘက်မှာလည်း “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်မှာ “အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု”ကို ရရှိခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
အနုပညာလောကနဲ့ ၁၁ နှစ်ကျော်ကြာ ဝေးကွာခဲ့တဲ့ မင်းထက်ကျော်ဇင်
တောင်ကိုရီးယားမှာ မော်ဒယ်အဖြစ် လုပ်ကိုင်နေတဲ့ မေမြတ်နိုး
“အောင်ဆန်း” ရုပ်ရှင်ကို ရက်ပေါင်း ၁၀၀ ကျော် သတိကြီးစွာ ရိုက်ခဲ့ရတဲ့ လူမင်း