နှစ်စဉ် ကျင်းပနေကျ အကယ်ဒမီ ပေးပွဲကို COVID-19 ကပ်ရောဂါကြောင့် မကျင်းပနိုင်သေးတဲ့အပေါ် သရုပ်ဆောင် မင်းသားကြီး ကျော်သူက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်အား အွန်လိုင်းကနေ ကျင်းပဖို့ အကြံပေးထားတယ်လို့ ဆိုပါတယ်။
“အကယ်ဒမီပေးပွဲ လုပ်ဖို့ ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကို ဖုန်းနဲ့ ကျနော် ပြောလိုက်တယ်။ အကယ်ဒမီပွဲက အွန်လိုင်းကနေ လုပ်လို့ မရနိုင်ဘူးလား၊ ရနိုင်တယ်လို့ ပြောလိုက်တယ်။ ပွဲလုပ်ဖို့ စပွန်ဆာ ရှာကြတယ်။ ဈေးကောင်းကောင်းပေးတဲ့ တီဗီချန်နယ်တွေကို လုပ်ခွင့်ပေးလိုက်။ တနင်္ဂနွေလည်းဖြစ်၊ ကိုဗစ်လည်းဖြစ်တော့ လူတွေ အိမ်ထဲမှာပဲ နေကြတာ”
“အဲ့မှာ နေ့လယ် ၁၂ နာရီကနေ ၃ နာရီ တချိန် သတ်မှတ်လိုက်၊ ၁၂ လောက်မှာ အခမ်းအနားစပြီးတော့ အကယ်ဒမီ ဘယ်သူ ရတယ်ကို စာအိတ်ဖောက်၊ ဘယ်သူရတယ်ကို ကြေညာတာနဲ့ အဲ့ရသူရဲ့ အိမ်ကို ဆုလာပေးတဲ့ ပုံရိုက်ရင် ထူးလည်း ထူးခြားတယ်။ အကယ်ဒမီရဲ့ ဂုဏ်သိက္ခာလည်း မြင့်မားမယ်။ အကယ်ဒမီဆိုတာကို ပြည်သူလူထု ယုံကြည်မှု ပြန်ဝင်လာလိမ့်မယ်”လို့ ကျော်သူက ပြောပါတယ်။
အကယ်ဒမီပွဲပြီးတိုင်း အမျိုးမျိုး ပြောဆိုမှုများ ရှိနေပြီး အကယ်ဒမီဆိုတာ တန်ဖိုးမရှိတဲ့ ပုံစံ ဖြစ်နေတယ်လို့ ကျော်သူက ဆိုပါတယ်။
“အကယ်ဒမီပွဲပြီးတိုင်း အမျိုးမျိုး ပြောနေကြတာ။ အကယ်ဒမီဆိုတာ တန်ဖိုးတောင် မရှိတော့တဲ့ ပုံစံမျိုးတွေ ဖြစ်နေတော့ ဒါမျိုးလုပ်ပြလိုက်ရင်တော့ ကောင်းမယ်။ ကျနော် အကြံပေးလိုက်တာ အစည်းအဝေးမှာ တင်ပြမယ်ဆိုပြီး ဘာမှ မကြားတော့ဘူး။ မဖြစ်တော့ဘူး ထင်တာပဲ”လို့ ကျော်သူက ပြောပါတယ်။
ကျော်သူက အနုပညာအလုပ်များ အပိတ်ခံခဲ့ရချိန်မှာ အကယ်ဒမီ ရွေးချယ်ရေးမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် မလုပ်ကိုင်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
“ ၂၀၀၇ သံဃာအရေးအခင်းမှာ ကျနော် ဖမ်းခံရပြီး ထွက်လာချိန်မှာ အနုပညာလုပ်ငန်းတွေ အားလုံးပိတ်တယ်ဆိုပြီးတော့ လုပ်တယ်။ ပန်းချီဆွဲလည်း ပန်းချီပြပွဲလုပ်လို့ မရဘူး။ စာအုပ်လည်း ထုတ်လို့ မရဘူး။ သတင်းစာထဲတောင် ဝမ်းနည်းကြေကွဲကြောင်း ထည့်တာ ထည့်ခွင့် မပေးခဲ့ဘူး။ ကျနော့်ကို ရုပ်ရှင် မရိုက်ရတော့ အကယ်ဒမီ ရွေးချယ်ရေးမှာ ပါပေးပါလို့ ကမ်းလှမ်းတယ်။ ကျနော်က ပရဟိတလုပ်ငန်းတွေနဲ့ နေ့ရောညရော အလုပ်ရှုပ်နေတာ မပါနိုင်ဘူး ပြောခဲ့တယ်”လို့ ကျော်သူက ပြောပါတယ်။
ဆက်လက်ပြီး “ကျနော် အကြံပေးတယ်ဆိုပြီး စာတင်ခဲ့တယ်။ တနှစ်စာ ရုပ်ရှင် ကား ၅၀၊ ကား ၁၀၀ ရှိတယ်ပဲထား။ အဲ့ဒါကို ဆန်ခါတင် ၁၀ ကားကို သမာသမတ်ရှိတဲ့ ပညာရှင်ကြီးတွေကို ရွေးချယ်ခိုင်း၊ ရွေးချယ်ထားတဲ့ ၁၀ ကားကို ပြည်ပနိုင်ငံတွေကို ပြလိုက်၊ ပြည်ပနိုင်ငံက ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေပြ၊ ဒီပညာရှင်တွေက ကြည့်ပြီး အမှတ်ပေးလိုက်လို့ အကယ်ဒမီ ရတဲ့သူက သူ့ အင်တာနေရှင်နယ် ဝင်တဲ့အတွက် အင်တာနေရှင်နယ် ဝင်တဲ့ ဆုပုံစံမျိုး ဖြစ်သွားမယ်”
“အကယ်ဒမီ ဂုဏ်သိက္ခာလည်း မြင့်သွားမယ်။ ရတဲ့သူလည်း ဂုဏ်သိက္ခာ ရှိတယ်။ လာဘ်ပေးလာဘ်ယူတွေလည်း ပျောက်သွားမယ်။ ပြည်ပ ဒါရိုက်တာတွေကလည်း မြန်မာပြည် ရှုခင်းတွေ၊ သရုပ်ဆောင်မှု တွေ တွေ့ပြီးနောက်ပိုင်း ရိုက်ဖို့ ဖြစ်လာမယ်။ ကျနော် အဲ့လိုမျိုး စာတင်တယ်။ အဲ့ဒါလည်း မလုပ်ဘူး”လို့ ကျော်သူက ပြောပါတယ်။
သရုပ်ဆောင် ကျော်သူကတော့ ၁၉၈၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ လျှောက်လှမ်းလာခဲ့တဲ့ အနုပညာသက်တမ်း နှစ် ၄၀ ကျော်အတွင်းမှာ အကယ်ဒမီဆု ၂ ဆု ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ “တပြည်သူ မရွှေထား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ “အမျိုးသား ဇာတ်ဆောင်ဆု” ရခဲ့သလို “ အမေ့နို့ဖိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ “ဒါရိုက်တာဆု”ကို ရရှိခဲ့ပါတယ်။
လက်ရှိ အနုပညာအလုပ်အနေနဲ့ “ဝရဇိန်” ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ကိုင်နေပြီး၊ အဲဒီနောက် ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲ၊ “၁၀၁၄” ရုပ်ရှင် ဇာတ်ကားကြီးတို့ကိုလည်း ရိုက်ကူးထားပါတယ်။ ဦးကျော်သူဟာ ပရဟိတလှုပ်ရှားမှုအနေနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ပဲ့ကိုင်ရှင် တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်း ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ ထွန်းထွန်း
“အောင်ဆန်း” ရုပ်ရှင်ကို ရက်ပေါင်း ၁၀၀ ကျော် သတိကြီးစွာ ရိုက်ခဲ့ရတဲ့ လူမင်း
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အတွက် အမှတ်တရ စကားများ