အိန္ဒိယနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ၇ လကြာ ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ရပြီးတဲ့နောက် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပေမယ့် ရုပ်ရှင်ကားအဟောင်းတွေပဲ ပြသနေပြီး၊ Mask မဖြစ်မနေ တပ်ရခြင်း၊ လူအရေအတွက်ကို အကန့်အသတ်နဲ့သာ ခွင့်ပြုခြင်း စတာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ရုပ်ရှင်ချစ်သူတွေက ဆိုပါတယ်။
ကိုဗစ် ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းလုံးမှာ ရုပ်ရှင်တွေ အထိနာခဲ့ရတာနဲ့အတူ ရုပ်ရှင်သရုပ်ဆောင်တွေကို နတ်ဘုရားတွေလို ကိုးကွယ်ကြတဲ့ အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုအပေါ်လည်း ရိုက်ခတ်ခဲ့ပါတယ်။
ကိုဗစ် – ၁၉ ရောဂါ၊ ကင်ဆာနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေကြောင့် နိုင်ငံသားတော်တော်များများကို ဆုံးရှုံးလိုက်ရတဲ့အပြင် ဘောလိဝုဒ်လောကထဲမှာ မူးယစ်ဆေး သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ ဂယက်ရိုက်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့နာမည်အကြီးဆုံး ရုပ်ရှင်လုပ်ငန်းကြီးအတွက် သတင်းကောင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အိန္ဒိယရဲ့ ဒုတိယအကြီးမားဆုံး ရုပ်ရှင်လုပ်ငန်းစု ဖြစ်တဲ့ INOX Leisure လိမိတက်ကတော့ အောက်တိုဘာလ ၁၅ ရက်နေ့ကစလို့ သူတို့ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကားအဟောင်းတွေပဲ ပြသမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
အိန္ဒိယမှာ ရုပ်ရှင်ရုံတွေကို သွားရောက်မယ်ဆိုရင် လေအေးပေးစက် ဖွင့်ထားတဲ့ ရုံထဲမှာ ဒရာမာနဲ့ အကအလှတွေကို ၃ နာရီကြာ ကြည့်ရှုဖို့ ၁ ဒေါ်လာ ကျသင့်မှာလည်း ဖြစ်ပါတယ်။ အခုတော့ ရုပ်ရှင်ရုံ တံခါးပေါက်တွေမှာ အပူချိန်တိုင်းတာ၊ လူအချင်းချင်း ခပ်ခွာခွာနေဖို့အတွက် ခုံတွေကို အလွတ်ထားရတာ၊ အစားအသောက်တန်းမှာလည်း အကန့်အသတ်နဲ့သာ ရွေးချယ်ရတာတွေကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အတွေ့အကြုံအသစ် ဖြစ်ပါတယ်။
အခုလိုအချိန်မှာလည်း စိုးရိမ်မှုတွေ ရှိနေတဲ့ ထုတ်လုပ်သူတွေကတော့ ရုံဝင်ငွေများမှဖြစ်မယ့် ရုပ်ရှင်တွေ တင်ဖို့ တွန့်ဆုတ်နေတာမျိုးလည်း ရှိနေပါတယ်။ တချို့ရုပ်ရှင် တော်တော်များများဆိုရင် ကပ်ရောဂါကာလမှာ ရုပ်ရှင်ရုံတွေကို ပိတ်ထားရတာကြောင့် Netflix, Amazon Prime နဲ့ Disney+ Hotstar တို့လိုမျိုး Streaming ပလက်ဖောင်းတွေကနေ ရုပ်ရှင်တွေကို ပြသနေကြပြီ ဖြစ်ပါတယ်။
လာမယ့် ဒီပါဝလီနေ့မှာ နာမည်ကြီး ရုပ်ရှင်တကားကိုတော့ ဖြန့်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ လေ့လာသူတွေရဲ့အဆိုအရ ပရိသတ်တွေကြားမှာ ရုံမှာပဲ ကြည့်ရှုလိုကြသူတွေက သီတင်းတပတ်ကို အနည်းဆုံး ရုပ်ရှင်တကားတော့ ကြည့်ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အခုတော့ ဘောလိဝုဒ် ထိပ်တန်း ထုတ်လုပ်သူ Aditya Chopra ကတော့ ၂၀၀၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်း “Bunty Aur Babli 2” ကို ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။
လောလောဆယ်အထိ အိန္ဒိယနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၇ သန်းကျော်လာပြီး ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့ အိမ်လို့ ဆိုရမယ့် မွမ်ဘိုင်းမြို့မှာတော့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ရမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းထားပါတယ်။
Ref: Bangkokpost
You may also like these stories:
K-pop အနုပညာရှင်များ စစ်မှုထမ်းကာလ ရွှေ့ဆိုင်းခွင့်ကို နိုင်ငံသား ၆၀ ရာခိုင်နှုန်း ထောက်ခံ
ပထမဆုံး “Wonder Woman” ရုပ်ရှင်အတွက် ဒေါ်လာ ၃ သိန်းသာရခဲ့တဲ့ Gal Gadot
ကိုဗစ်ကြောင့် ကမ္ဘာ့ထိပ်တန်းဇိမ်ခံ Brand များ ဒေါ်လာ ၃၅ ဘီလီယံ အထိနာမည်