Entertainment

ဗုဒ္ဓဘာသာဝင်အားလုံး အကုသိုလ် မတိုးပွားသင့်ကြောင်း သာသနာရေးဝန်ကြီးဌာန ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ရက်ပိုင်းက တောာင်ကိုရီးယားနိုင်ငံမှာ သွားရောက် ဖျော်ဖြေခဲ့တဲ့ Project K အဖွဲ့ရဲ့ ဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ရွှေတိဂုံဘုရားရဲ့ ပုံရိပ်ကို ထိခိုက်စေခဲ့တယ်ဆိုပြီး Project K အဖွဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့ပါတယ်။ အဆိုပါကိစ္စရပ်များအတွက် Project K အဖွဲ့အနေနဲ့လည်း တရားဝင် တောင်းပန်စာများ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဗုဒ္ဓဘာသာဝင်အားလုံး အကုသိုလ် မတိုးပွားသင့်ပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

“ဖျော်ဖြေတင်ဆက်သူများသည် စေတီတော်ပုံရိပ်ကို မသိရှိခြင်းကြောင့် ဆက်လက် ကပြ ဖျော်ဖြေခြင်းဖြစ်ပြီး အကုသိုလ် စေတနာ မဖြစ်သဖြင့် သည်းခံ ခွင့်လွှတ်ရန် လုံလောက်သောအကြောင်း ဖြစ်ပြီး ၎င်းတို့ ကိုယ်တိုင်ကပင် အနူးအညွတ် တောင်းပန်ထားသဖြင့် ယင်းကိစ္စကို အကြောင်းပြုလျက် ဗုဒ္ဓဘာသာဝင် အားလုံး အကုသိုလ် မတိုးပွားသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်”လို့ ထုတ်ပြန်ထားပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

Project K အဖွဲ့အနေနဲ့ ရွှေတိဂုံဘုရားပုံရိပ်ပေါ်တွင် ဖျော်ဖြေခဲ့တဲ့ ဝေဖန်မှုများနဲ့ ပတ်သက်ပြီး ကြိုတင် လေ့ကျင့်မှု ၂ ကြိမ်ပြုလုပ်တဲ့အချိန်မှာတော့ အဆိုပါပုံရိပ်များ မပါဝင်ခဲ့ကြောင်း၊ အမှန်တကယ်ဖျော်ဖြေ တင်ဆက်ချိန်ရောက်မှသာ ဒီပုံရိပ်ကို အသုံးပြုကြောင်း၊ ဖျော်ဖြေတင်ဆက်နေချိန်အတွင်းလည်း မသိရှိခဲ့ဘဲ ဖျော်ဖြေပြီးမှသာ သိခဲ့ရတာဖြစ်တာကြောင့် မှားယွင်းသွားခဲ့ကြောင်းကို သည်းခံခွင့်လွှတ်ပေးကြရန် ၂ ကြိမ်တိုင်တိုင် တောင်းပန်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

“Project K အဖွဲ့ဝင် ဖျော်ဖြေသူများသည် Rehearsal ပြုလုပ်သည့်အချိန်က အဆိုပါ စေတီတော် ပုံရိပ်မပါဝင်ကြောင်း၊ ဖျော်ဖြေပြီးမှ သိရှိရကြောင်း၊ သိရှိရသည့်အချိန်တွင် လွန်စွာ စိတ်မကောင်းဖြစ်ရ သဖြင့် တောင်းပန်ပါကြောင်း ဖော်ပြထားသဖြင့် စေတီတော်ပုံရိပ်ကို နင်းခြေလိုသော စေတနာဆိုး၊ အကုသိုလ် စေတနာ မရှိကြောင်း ထင်ရှားပါသည်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

“မြန်မာနိုင်ငံရှိ အချို့စေတီတော်များ၌ ညနေပိုင်းအချိန်တွင် ဖူးမြော်လာကြသော ဘုရားဖူး အားလုံးဟာ အနောက်အရပ်မှ နေရောင်ထိုးသောကြောင့် အရှေ့အရပ်၌ ဖြစ်ပေါ်နေသော စေတီတော် ပုံရိပ်တွင် နင်းလျှောက်ကြရသည်ချည်းသာ ဖြစ်ပါတယ်။ မည်သူမျှ အကုသိုလ်စိတ်မဖြစ်ကြဘဲ စေတီတော် ကြီးကို ကြည်ညိုသဒ္ဓါဖြင့် ပူဇော်ရှိခိုးကြပါတယ်။

စီစဉ်သူများအနေဖြင့်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံ၏ ထင်ရှားသော ပုံရိပ် (အမျိုးအသားအထိမ်းအမှတ်သင်္ကေတ – National Land Mark) ဖြစ်သောကြောင့် ဖျော်ဖြေ တင်ဆက်သူများသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိစေလိုသဖြင့် ရွှေတိဂုံစေတီတော်ကို LED Display Board ဖြင့် ဖော်ပြဖန်တီးခြင်း ဖြစ်သည်ဟု ယူဆရပါကြောင်း” ဖော်ပြထားပါတယ်။

အဆိုပါကိစ္စရပ်များကြောင့် Project K အဖွဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ညပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စောင့်ဆိုင်း ဆန္ဒပြခံရပြီး အခုအချိန်မှာတော့ အဆိုပါ ဆန္ဒပြသူများကို အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“Asia Song Festival” ကို ဖိတ်ကြားခံရတဲ့ Project K အဖွဲ့ (ဓာတ်ပုံ – Project K’s Facebook)

Project K အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ “Asia Song Festival” ကို တရားဝင် ဖိတ်ကြားခြင်းခံခဲ့ရပြီး ကိုဗစ်ကာလ သတ်မှတ် စည်းကမ်းချက်များနဲ့အညီ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့အထိ လေ့ကျင့်ရေးကာလနှင့် ဖျော်ဖြေရေးကာလအတွင်း လေယာဉ်စရိတ်၊ သွားလာနေထိုင်စရိတ်၊ စားသောက်စရိတ် အပါအဝင် ကုန်ကျစရိတ် အားလုံးကို ကိုရီးယားနိုင်ငံက အကုန်ကျခံ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကာယကံရှင် အဖွဲ့အနေနဲ့လည်း အောက်တိုဘာလ ၁၁ ရက်နေ့နဲ့ အောက်တိုဘာလ ၁၄ ရက်နေ့တို့မှာ ၂ ကြိမ်တိုင်တိုင် သူတို့ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာကတဆင့် တောင်းပန်ထားပါတယ်။

You may also like these stories:

Project K အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ မှတ်ချက် တစုံတရာ ပြောထားခြင်း မရှိ

အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ Project K အဖွဲ့မှ တောင်းပန်

Did you find apk for android? You can find new Free Android Games and apps.
Loading