နာမည်ကျော် ဟောင်ကောင် အက်ရှင်မင်းသား ဂျက်ကီချန်းရဲ့ “Vanguard” ရုပ်ရှင်ဟာ အခုအောက်တိုဘာလ အစောပိုင်း တရုတ်နိုင်ငံမှာ ကျရောက်ခဲ့တဲ့ နိုင်ငံတော် အားလပ်ရက် ကာလအတွင်း ဒေသတွင်းကနေ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေကြားထဲမှာ ဝင်ငွေအဆိုးရွားဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
တရုတ်မီဒီယာတွေမှာတော့ ဒါဟာ အသက်အရွယ်ရလာတဲ့ မင်းသား ချန်းရဲ့ အဆုံးသတ်ချိန် ရောက်လာပြီလားဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။
အခုအားလပ်ရက်အတွင်းမှာ ဖြန့်ချိခဲ့တဲ့ တခြားတရုတ်ရုပ်ရှင် ၃ ကားဖြစ်တဲ့ “My People My Homeland” ,”Coffee of Tea” နဲ့ “Legend of Deification” တို့တွေကြားထဲမှာ “Vanguard” ရုပ်ရှင်ဟာ သီတင်းနှစ်ပတ် ပြသခဲ့ပြီးတဲ့အချိန်မှာ ယွမ် ၂၄၆ သန်း (ဒေါ်လာ ၃၇ သန်း) သာ ရရှိနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ “My People My Homeland” ရုပ်ရှင်ကတော့ ယွမ် ၂ ဒသမ ၂ ဘီလီယံ ရရှိနေခဲ့တာကို တွေ့ရပါတယ်။
အခုအားလပ်ရက်အတွင်းမှာပဲ ဝင်ငွေအားကောင်းခဲ့တဲ့ တခြား ရုပ်ရှင်တကားကတော့ ဟောင်ကောင် ဒါရိုက်တာ Peter Chan Ho-sun ရဲ့ “Leap” ရုပ်ရှင် ဖြစ်ပါတယ်။ မင်းသားချန်းနဲ့ ကာလရှည် လက်တွဲခဲ့တဲ့ ဒါရိုက်တာ Stanley Tong ရဲ့ “Vanguard” ရုပ်ရှင်ဟာ တရုတ်ပြည်မကြီးမှာ မင်းသားရဲ့ အရင်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေနဲ့ ယှဉ်မသာအောင် ဖြစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါရိုက်တာ Tong ရိုက်ကူးပြီး မင်းသားချန်း ပါဝင်ထားတဲ့ “Kung Fu Yoga” ရုပ်ရှင်ဟာဆိုရင်လည်း ၂၀၁၇ ခုနှစ်၊ တရုတ်နှစ်သစ်ကူးကာလမှာ ဖြန့်ချိခဲ့ပြီးတဲ့နောက် ဝင်ငွေ ယွမ် ၁ ဒသမ ၇၅ ဘီလီယံ ရရှိခဲ့ပါတယ်။ မင်းသမီး ဖန်ပင်းပင်းနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ “Skiptrace” ရုပ်ရှင်ဟာ ဝင်ငွေ ယွမ် သန်း ၉၀၀ ရရှိခဲ့ပြီး “Railroad Tigers” ရုပ်ရှင်ကတော့ ယွမ် သန်း ၇၀၀ ရခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ ဂုဏ်ထူးဆောင် အော်စကာဆု ရရှိခဲ့တဲ့ မင်းသား ချမ်းဟာ လက်ရှိ တရုတ်နိုင်ငံရဲ့ ရုံဝင်ငွေစာရင်းမှာ ဆက်ပြီးတော့ အကျဘက် ရောက်နေတာ တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ မင်းသား Pierce Brosnan နဲ့အတူ ပါဝင်ထားတဲ့ “The Foreigner” ရုပ်ရှင်ဟာဆိုရင်လည်း သီတင်းနှစ်ပတ်အတွင်း ဝင်ငွေ ယွမ် သန်း ၇၀၀ သာ ရရှိခဲ့ပါတယ်။
အဲ့ဒီ ရုပ်ရှင် ထွက်ရှိအပြီး ၃ လအကြာမှာ ထွက်လာခဲ့တဲ့ “Bleeding Steel” ရုပ်ရှင်ကတော့ ယွမ် သန်း ၃၀၀ ဝင်ငွေရခဲ့ပြီး ၇ နှစ်အတွင်း မင်းသား ချန်းရဲ့ ဝင်ငွေအနည်းဆုံးရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ ထုတ်လုပ် ကုန်ကျစရိတ် ယွမ် သန်း ၄၀၀ ရှိခဲ့တဲ့ အဲ့ဒီ “Bleeding Steel” ရုပ်ရှင်ဟာဆိုရင် ဟောင်ကောင်မှာ လက်မှတ်ရောင်းအားဟာ ဒေါ်လာ ၄ သောင်းခွဲပဲ ရခဲ့တာကို တွေ့ရပါတယ်။
မင်းသားကြီး အာနိုးနဲ့အတူ ပါဝင်ထားပြီး တော်တော်လေးကို လူကြိုက်များမယ်လို့ အများက ထင်ထားကြတဲ့ “The Mystery of Dragon Steal” ရုပ်ရှင်ဟာဆိုရင်လည်း ကုန်ကျစရိတ် ယွမ် သန်း ၃၅၀ ရှိခဲ့ပေမယ့် သီတင်းနှစ်ပတ်အတွင်း ဝင်ငွေ ယွမ် ၁၈ သန်းသာ ပြန်ရခဲ့ပါတယ်။
Ref: Southchinamoringpost
You may also like these stories:
အိန္ဒိယနိုင်ငံမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီ
အကယ်ဒမီပွဲကို အွန်လိုင်းကနေ လုပ်ဖို့ အကြံပေးထားတဲ့ ကျော်သူ
K-pop အနုပညာရှင်များ စစ်မှုထမ်းကာလ ရွှေ့ဆိုင်းခွင့်ကို နိုင်ငံသား ၆၀ ရာခိုင်နှုန်း ထောက်ခံ